မကွေး သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် လင်း၊လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မကွေးမြို့၊ အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နားကားကြီးကွင်းအတွင်း၌ တပ်ဆင်ပြီးစီးသည့် Oxygen Plant မှ အောက်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Oxygen Plant သို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က Oxygen Plant တည်ဆောက်ခြင်းနှင့် ပတ်သက်၍ စက်မှုကြီးကြပ်ဦးစီးဌာန၊ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့အား ဌာန၏ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးဆောင်ရွက်စေပြီး မှတ်ပုံတင်ပြုလုပ်နိုင်ရေး၊ဘေးကင်းလုံခြုံရေအတွက် တာဝန် ရှိသူမှအပ မဝင်ရ၊ ဆေးလိပ်မသောက်ရ အစရှိသည့် ဆိုင်းဘုတ်များ ရေးကပ်ထားရန်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးများ အသင့်ထားရှိရေး မှာကြားပြီး၊ အဆိုပါ အောက်စီဂျင် စက်ရုံမှ ထွက်ရှိလာသော အောက်စီဂျင်များအား အစိုးရဆေးရုံ၊ ဆေးခန်းများအား အခမဲ့ဖြန့် ဝေရန်၊ ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များအား သတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချပေးရန်နှင့် စက်များအား ချို့ယွင်းပျက်စီးမှု မရှိစေရေး အထူးအလေး ထား ဂရုစိုက်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ကားကြီးကွင်းအတွင်း ဆောင်ရွက် လျက်ရှိသည့် ကုန်တင်ယာဉ် စစ်ဆေးရေးဂိတ် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး၊ လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးရေး မှားကြားကာ လုပ်ငန်းလိုအပ်ချက် တင်ပြခဲ့မှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော Oxygen လိုအပ်မှုကို ဖြည့်ဆည်း ဆောင်ရွက် နိုင်ရန်အတွက် တစ်နေ့လျှင် Oxygen(40L)အိုး အလုံး(၃၀၀)ထွက်ရှိသည့် စက်(၁)လုံး တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး၊(၁၅-၈-၂၀၂၁)ရက်နေ့မှ စတင်၍ အောက်စီဂျင်အိုးများ ခွဲဝေဖြန့်ထား ပေးနေပြီဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း Oxygen(40L)အိုး အလုံး(၁၀၀) ထွက်ရှိသည့် စက်(၃)လုံး တို့အား မှာယူထားရှိပြီးဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာ တော့မည်ဖြစ် ကြောင်း သိရသည်။