မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေး

မကွေး ဇွန် ၄

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ်ရှိ အမှတ်(၃)နှင့် အမှတ်(၄)အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးမြို့၊ အမှတ်(၃)နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု၍ အားပေးစကား ပြောကြားကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာကြည့်တိုက်၌ စာအုပ်စာပေများ လေ့လာ ဖတ်ရှုနိုင်ရေး ကျောင်းစာကြည့်တိုက်အတွင်း စီစဉ်ဆောင်ရွက်ပေးကြရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားသည်။

          မကွေးတိုင်းဒေသကြီးအတွင်း ဇွန်လ ၂ ရက်နေ့ထိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် ကျောင်းပေါင်း (၃၁၅၇) ကျောင်းဖွင့်လှစ်ခဲ့ကာ၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၄၀၀၀၀)ကျော် တက်ရောက်ပညာ သင်ကြားလျက်ရှိပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျသည့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိစေဖို့အတွက် ဇွန်လကုန်အထိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာ တက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး၊ တိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး(မကွေးတိုင်းဒေသကြီးတာဝန်ခံ)မှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးနည်းပညာတက္ကသိုလ်၌ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူ (၂၀၀)ဦးခန့် တို့အား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး သည်။

          အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း သင်တန်းများကို မကွေးတိုင်းဒေသကြီးတွင် ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေရာ(၄)နေရာတွင် (၆)ကြိမ်ခွဲ၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖွဲ့စည်း တည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလာဒ်စာရင်းပြုစုပုံ၊ မဲပေး စက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် မဲရုံခင်းကျင်းမှုပုံစံအတိုင်း လက်တွေ့ဆောင်ရွက်ရမည့် အခြေအနေများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း