မကွေး ဇွန် ၁၉
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ရေနံချောင်းတက္ကလိုလ်တို့တွင် ယမန်နေ့နံနက်ပိုင်းက စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားများကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် တိုင်ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ သင်တန်း-စီမံ ဌာနများမှ အရာရှိများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အမှတ်(၁) အထကမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အဆိုပါ ကျောင်းများသို့ ရောက်ရှိစဉ် ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျောင်းသားကျောင်းသူများက စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျောင်းခန်းမများ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က ပတ်ဝန်းကျင်ညစ်ညမ်း မှုအားကာကွယ်ပြီး သယံဇာတအရင်းအမြစ်များအား ထိထိရောက်ရောက် အသုံးချနိုင်ရန် အန္တရာယ် ကင်းသော စွန့်ပစ်မှုဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ရဲ့သက်ဆိုင်ရာ ရပ်ကွက်တွေ၊ မြို့နယ်တွေ၊ ပြည်နယ်တွေ၊ တိုင်းတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဌာနဆိုင်ရာတွေ အားလုံးမှာ လူတစ်ယောက်စီ တစ်ယောက်စီတိုင်းမှာ ကျန်းမာဖို့၊ သန့်ရှင်းဖို့၊ သာယာဖို့ လုပ်ဆောင် နိုင်တဲ့ အခြေခံအကျဆုံးကတော့ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖို့ပဲဖြစ်ကြောင်း၊ တတ်နိုင်သမျှ အမှိုက်များကို ခွဲခြားသိမ်းဆည်းခြင်းသည် သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တစ်ခု တည်ဆောက် ဖို့အတွက် အရေးကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်ပါကြောင်း၊ အမှိုက်များကို အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိအမှိုက်နှင့် ပလပ်စတစ်အမှိုက်ဟူ၍ ခွဲခြားခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်မှု (Recycling)၊ ပတ်ဝန်းကျင်အတွက်ဘေးကင်းစေမှု (Environmental Protection)၊ ကျန်းမာရေး ကောင်းမွန်မှု (Public Health)၊ စွမ်းအင်နှင့် သယံဇာတချွေတာမှု (saving Energy and Natural Resources)တို့ကို ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါကြောင်း၊ ယနေ့ ပြသခဲ့သည့် အကြောင်းအရာ၊ ဟောပြောမည့် အကြောင်းအရာများမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်သူများ အားလုံးက အမှိုက်ခွဲခြား စွန့်ပစ်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့ဘောင် ဖွံ့ဖြိုးမှုအတွက် အလွန် အရေးကြီးမှုကို နားလည် သဘောပေါက်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် အရေးကြီးတဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အတူတကွ လက်တွဲပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများမှ သဲကန္တာရတိုက်ဖျက်ရေးဆာင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပလတ်စတစ်အမှိုက်အန္တာရာယ်ဆိုင်ရာ အသိပညာ နှင့် အပြုအမူများအား လေ့လာခြင်း အကြောင်းအရာနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးပြော ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါကျောင်းများမှ စာကြည့်တိုက်များသို့ သုတရသ စာအုပ် စာစောင်များနှင့် အားကစားပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။