မကွေး ဇွန် ၂၂
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာအဆင်မြင့် အရာရှိကြီးများ၊ ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်း/ခရိုင်/ မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကြောင်းမှူးက တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ် လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရခြင်း ဖြစ်သလို တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ် အားကစားသမား ကောင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်း အားကစား နည်း၏ ဆောင်ပုဒ်ဖြစ်သော “အဖိုးနည်းဝန်ပါ သင်ကျန်းမာ၊ . ပိုက်ကျော်ခြင်းကို ကစားပါ၊ လူငယ် ကျောင်းသား သူငယ်ချင်း၊ စုပေါင်းကစား ပိုက်ကျော်ခြင်း” ဆိုသည့်အတိုင်း ကျောင်းသား လူငယ်များ စုပေါင်းကစား နိုင်ပြီး ကျန်းမာရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် အားကစားနည်း တစ်ရပ်လည်းဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်လိုက်နာကြမည့် အချက်များကို ကြည့်မည်ဆိုလျှင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကဆောင်ပုဒ် ဖြစ်သည့် “ကျန်းမာ ရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ” ဆိုပြီး ရှိတာကို တွေ့ကြရမှာ ဖြစ်ပြီး၊ ကျန်းမာရေး ကောင်းမွန်ပြီး စည်းကမ်းရှိသော အားကစားသမားကောင်းတွေ ဖြစ်အောင် ကျင့်ကြံအားထုတ်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကြသည့် မြို့နယ်များမှ အားကစား သမားများအနေဖြင့် စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့်လည်း အောင်မြင်မှု ရရှိရန်အတွက် “တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ်” ဆိုသည့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲမှာ တာဝန်ယူဆောင်ရွက်ပေး ကြမည့် ကျင်းပရေးကော်မတီနှင့် ဒိုင်လူကြီးများအနေဖြင့် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြ ဖို့နဲ့ အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေကျေနပ်နပ် လက်ခံ လိုက်နာသွားကြရန် တိုက်တွန်း ပြောကြားကာ၊ “၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃)နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ” ကို စတင်ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး၊ အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား စတင်ကျင်းပရာ မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ကြည့်ရှူအားပေးသည်။
အဆိုပါ ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၃) နှစ်နှင့်အောက် ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီး အတွင်း ခရိုင်(၆)ခရိုင်မှ အမျိုးသားပွဲစဉ်အဖြစ်(၂)ယောက်တွဲ၊ (၃)ယောက်တွဲနှင့် (၄)ယောက်တွဲ ပွဲစဉ်များနှင့် အမျိုးသမီးအသင်းများအနေဖြင့် (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက်တွဲပြိုင်ပွဲများတွင် ပါဝင်၍ ပြိုင်ပွဲဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ၊ ဇွန်လ(၂၃)ရက်နေ့အထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစား သွားမည် ဖြစ်ပြီး၊ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။