မကွေး ဇူလိုင် ၃
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် အခမ်းအနားကို ဇူလိုင်လ ၃ ရက် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များက အင်အားသစ်များနှင့် အတူ တေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေး နက်တဲ့နေတစ်နေ့ဖြစ်ပါကြောင်း၊ ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ မကွေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ အမျိုးသမီးများ အပါအဝင် မြန်မာအမျိုးသမီးများ အားလုံးကို လှိုက်လှိုက် လှဲလှဲဂုဏ်ပြုပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက် လာတာကတော့ ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကနေ စတင်ခဲ့တာ ဖြစ်ကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW)ပါ ကတိကဝတ်များနဲ့ အကြံပြုသုံးသပ်ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေး နယ်ပယ်(၁၂)ရပ်နဲ့အညီ ရေးဆွဲထားသည့် အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကို ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသမီးများဖွံဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံ ကိန်း(Phase II)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ်ဝန်ကြီးဌာနများနဲ့ အဖွဲအစည်းများက ဝိုင်းဝန်းပူးပေါင်း ရေးဆွဲလျှက်ရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက် ကျော်အားကိုယ်စားပြုသည် အမျိုးသမီးများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အင်အားစု တစ်ရပ်အဖြစ် ပါဝင်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် လည်း အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျား/မရေးရာ တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ် ပြုနားလည်လက်ခံစေနိုင်မည့် လုပ်ငန်းစနစ်များနှင့် ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်း(၂၀၂၁-၂၀၂၂)ကို ရေးဆွဲအကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ နယ်ပယ် အလိုက် ထူးချွန်အမျိုးသမီးများအား ချီးမြှင့်ဂုဏ်ပြုသွားမည် ဖြစ်ကြောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား လုပ်ငန်းများ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ် ဗီဒီယို ကလစ်အား ပြသခဲ့ပြီး၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တက္ကသိုလ်/ ဒီဂရီ ကောလိပ်ကျောင်းပေါင်းစုံ ကာယအလှမယ် ပြိုင်ပွဲမှ အလှမယ်လေးများမှ သရုပ်ပြသကာ၊ မောင်လွင်သန့်ထူးအောင်မှ တိမ်တမာန် သီချင်းဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး တယော အဖွဲ့ဝင်များမှ နှလုံးသားကို အလှဆင်ပါ၊ အလှကမ္ဘာမြေ၊ ယဉ်တစ်ကိုယ်မယ် တေးသီချင်းများဖြင့် တယောတီးခတ်၍ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ အားကစားထူးချွန်သည့် အမျိုးသမီး(၂)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ စေတနာ့ဝန်ထမ်း အမျိုးသမီး(၂၅)ဦးတို့အား တာဝန်ရှိသူတို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကာ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ် ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲမှ ဆုရအလှမယ်များအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ တာဝန်ရှိသူတို့က ဂုဏ်ပြု ဆုငွေ၊ ဆုကလပ်နှင့် ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အမျိုးသမီး ကော်မတီဝင်များ၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ရရှိသူ ထူးချွန်အမျိုးသမီးများနှင့် စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများအား လှည်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။