မကွေး မေ ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးမောင် မောင်ဆန်းတို့နှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ လိုက်ပါကာ၊ မေလ ၂၁ ရက်နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ မင်းရပ်ကွက် နွေစပါး(အောင်နိုင်တိုး) ဧက(၁၀၀) စံပြကွက် ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် နွေစပါး(အောင်နိုင်တိုး) ဧက(၁၀၀)စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အောင်နိုင်တိုး စပါးမျိုး သစ်ဆိုတာ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနကနေ ထုတ်လုပ်ထားပြီး ဗီဇလက္ခဏာကောင်း များစွာ ပါဝင်တဲ့မိဘမျိုး(၆)မျိုးကို သားစပ်မွေးမြူထားတာဖြစ်ပြီး၊ သက်တမ်း (၁၂၀) ရက်၊ သက်လျင် စပါးမျိုးဖြစ်ကာ တစ်ဧကအထွက်နှုန်း (၁၄၀- ၁၅၀)တင်းထိ ထွက်ရှိနိုင်ပြီး၊ ဆန်သားကြည်လင်၍ စားသုံးမှု အရည်အသွေးကောင်းမွန်တဲ့အတွက် ဈေးကွက်မှာ ကြိုက်နှစ်သက် မှုရှိကြောင်း တွေ့ရပြီး၊ ဒီစပါးမျိုးဟာ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ်ခံနိုင်ရည်ရှိပြီး နွေ၊ မိုး ရာသီမရွေး စိုက်ပျိုးနိုင်တဲ့ သက်လျင်အထွက်ကောင်း စပါးမျိုးဖြစ်ကြောင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ များစွာ အထောက်အကူပြုတဲ့ ပြည်တွင်းရော၊ ပြည်ပမှာပါ ဈေးကွက်ရှိတဲ့ အရည်အသွေးကောင်း၊ အထွက် နှုန်းကောင်း စပါးမျိုးများကိုသာ စိုက်ပျိုးကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယာယီ ရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နွေစပါးစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စံပြစမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းသည် ပြသရုံသက် သက်သာ မဟုတ်ပဲ တောင်သူများ အနေဖြင့် လက်တွေ့လိုက်ပါ ဆောင်ရွက်နိုင်ရေး မျှော်မှန်းပန်းတိုင် အထွက်နှုန်းများ ရရှိ၍ တောင်သူများ၏ (၁)ဧကဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေ ရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးစသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးပြသဆောင် ရွက်ခြင်းဖြစ်သည့်အတွက် တောင်သူများ လက်တွေ့လိုက်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ကြဖို့ မှာကြားကြောင်း၊ နွေနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်း စနစ်များကို မှန်ကန်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧက သတ်မှတ်အပင်ဦးရေပြည်မီရေး၊ လိုအပ်သော သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေအလွင့် မရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ အရည် အသွေး ကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုး တက်လာပြီး တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမှာဖြစ်တဲ့အတွက် လယ်ယာ ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ရဲ့ လယ်ယာလုပ်ငန်းခွင်မှာ တစ်ဦး ချင်းစီတိုင်းက လိုက်နာဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားကာ၊ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်အား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။