မကွေး စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် မိုးသီးနှံ(အဓိကသီးနှံ-၁၀မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေး ထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၈/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
တိုင်းဒေသကြီးဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက် စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် မိုးသီးနှံ(အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်း ချက် ပြည့်မီအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာ သီးနှံ (မိုး)စိုက်ပျိုးရန် လျာထားချက်အပေါ် စိုက်ပျိုးပြီးစီးမှုအား ခရိုင်/မြို့နယ်များအလိုက် စိစစ်ရာမှာ ချောက် ခရိုင်တွင် (၁၁.၅၄)ရာခိုင် နှုန်း၊ ပွင့်ဖြူမြို့နယ်တွင်(၇.၇၀) ရာခိုင်နှုန်း၊ ငဖဲမြို့နယ်တွင် (၈.၉၆) ရာခိုင်နှုန်းနှင့် ဂန်ဂေါခရိုင် ထီးလင်းမြို့နယ်တွင်(ဝ.၂၉)ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် နေကြာသီးနှံ(မိုး)လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည် ဖော်မှုအဖွဲ့များ အနေဖြင့် တွန်းအားပေးဆောင်ရွက်သင့်ပါကြောင်း၊ မိုးနေကြာ စိုက်ပျိုးမှုနှင့် ပတ်သက်၍ မိုးဦးတွင် တွေ့ကြုံရသည့် ပြဿနာများကို သင်ခန်းစာယူပြီး မိုးလယ်တွင် မဖြစ်စေရေး အထူးသတိပြု ကြပ်မတ်ဆောင်ရွက်ကြဖို့၊ နေကြာသီးသန့် စိုက်ပျိုးသူများပြားစေရေးအတွက် (၂)ဧက လျှင် ဓာတ်မြေသြဇာ(၁)အိတ်ရောင်းချ၍ စည်းရုံးဆောင်ရွက်ရန်၊ တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် စိုက်ပျိုးရေရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ ပိုးမွှားကျရောက်မှု အန္တရာယ်ကာကွယ်ရေးနှင့် နွေစပါးစိုက်တောင်သူများ ယူရီးယားဓာတ်မြေဩဇာများ ပံ့ပိုးပေးနိုင်ရေး တို့ကို အလေးထား ဆောင်ရွက်ကြဖို့၊ မိုးနှောင်းဝါ သတ်မှတ်အထွက်နှုန်း ရရှိရန်အတွက် မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေသြဇာစနစ်တကျ သုံးစွဲရေး၊ တစ်ဧကမှာရှိရမည့် အပင်အရေအတွက် ပြည့်မီရေး ဝန်ထမ်းများမှ အောက်ခြေအထိ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကကြုံတွေ့နေရသည့် အခက်အခဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီ ထောက်ပံ့ပေးရမည့် အရာများနှင့်ပတ်သက်၍ အချိန်မီတင်ပြပေးနိုင်ရေး ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က တိုင်းဒေသကြီး ဆီထွက် သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၂) ဆုံးဖြတ် ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်းတင်ပြ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။