မကွေး အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ (ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကြီးကို (ဗဟို) အဆင့်တွင် တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းအဆင့် ပြိုင်ပွဲကျင်းပပြီး အနုပညာရှင် မျိုးဆက် သစ်များကို စနစ်တကျ ရွေးချယ်ဖော်ထုတ်ပေးခဲ့ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးကိုယ်စားပြုပြီး အခြေခံနှင့် အဆင့်မြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၇)ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်များ အနေဖြင့် ကိုယ်ယှဉ်ပြိုင်ရမဲ့ ဘာသာရပ်တွေကို အနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ယှဉ်ပြိုင် ကြမယ်လို့ ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲတခုတွင် အောင်မြင်မှု့ ရယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ပညာရပ်ကို စည်းစနစ်ကျနစွာ သင်ကြားနာယူမှု၊ ဇွဲလုံ့လနဲ့ လေ့ကျင့်မှု၊ ကျန်းမာခြင်းနဲ့ သက်ဆိုင်တဲ့ သက်လုံကောင်းမှု၊ ယှဉ်ပြိုင်တဲ့ ပညာရပ်အပေါ်မှာ သာလွန်ကောင်းမွန်တဲ့ ထိုးထွင်းသိမြင်မှုတို့က အဓိကကျပါကြောင်း၊ ရိုးရာယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေကို ကောင်းစွာထိန်းသိမ်းရန်နှင့် အနာဂတ် မျိုးဆက်သစ်များသို့ လွှဲပြောင်းပေးအပ်နိုင်ရန်မှာ မျက်မှောက်ခေတ်မျိုးဆက်တို့၏ အမျိုးသားရေးတာဝန်အပြင် တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ရန်လည်း ကြိုးစားယှဉ်ပြိုင်ကြစေ လိုကြောင်းနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြု ဆုများ ထိုက်တန်စွာ ထပ်မံချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် အောင်ပန်းဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံအား လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ထံသို့ လည်းကောင်း၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲ ဝင်များနှင့် အုပ်ချုပ်သူ/ နည်းပြများအတွက် ချီးမြှင့်ငွေ(၁၄၇)သိန်းကျပ်အား တိုင်းဒေသကြီး ဥပဒေ ချုပ်ထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (ဗဟို)အဆင့် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များ ဝတ်စုံပြည့်ဖြင့် တစ်ပင် တိုင်အက၊ ကဗျာလွတ်အက၊ တယော၊ စန္ဒယား၊ ဆိုင်း တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ၊ ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။