မကွေး စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ၂၀၂၆_ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့၊ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ကိုယ်ပိုင်ကျောင်းတည်ထောင်အုပ်ချုပ်သူများ၊ ဆရာ/ဆရာမများ၊ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မကွေးမြို့အ.ထ.က(ခွဲ) အလက(၁)မှ ကျောင်းသား၊ ကျောင်းသူများက "ဘက်စုံပညာ ကိုရည်တို့လှမ်းချီ"သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဒီကနေ့ဟာဆိုရင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲမှာ မကွေးတိုင်း ဒေသကြီးအတွင်းက ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားဖြစ်လို အင်မတန်မင်္ဂလာနဲ့ ပြည့်စုံတဲ့အချိန်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲမှာ မကွေးတိုင်းဒေသကြီးက တစ်နိုင်ငံလုံး အမှတ်အများဆုံး(၁၀)ဦးတွင် ဒုတိယနဲ့ သိပ္ပံ/ဝိပ္ပံ/ ဝိဇ္ဇာဘာသာတွဲမှ (၆)ဦး ပါဝင်ခဲ့ခြင်း၊ အထူးသဖြင့် ယခုနှစ်မှ စတင်ဖြေဆိုရသော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး(၁၀)ဦးတွင် (၄)ဦးပါဝင်ခဲ့ခြင်း ကလည်း ဝမ်းမြောက်ဖွယ် အောင်မြင်မှု တစ်ခုဖြစ်သလို၊ (၆)ဘာသာဂုဏ်ထူး(၈၈)ဦး၊ (၅)ဘာသာ ဂုဏ်ထူး(၂၈၇)ဦး၊ (၄)ဘာသာဂုဏ်ထူး (၃၃၂)ဦးရှိခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ အောင်ချက် ရာခိုင်နှုန်း အနေနဲ့လည်း(၅၈.၃၉%) ဖြစ်ပြီး၊ တစ်နိုင်ငံလုံး ဒုတိယရရှိခဲ့တဲ့အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲအနေနဲ့ များစွာဂုဏ်ယူ ဝမ်းမြောက်ရပါ ကြောင်း၊ အခုလို အောင်မြင်မှု များရရှိအောင် ကြိုးစားခဲ့ကြတဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ကြိုးပမ်းစီမံပေးခဲ့ကြတဲ့ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဘာသာရပ် အလိုက်ပိုချပေးသူ ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်ပညာရေးမှူးများ၊ ကိုယ်ပိုင်(သိုမဟုတ်)ပုဂ္ဂလိကကျောင်း တည်ထောင်သူ၊ စီမံအုပ်ချုပ်သူများကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲက ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုက်တန်စွာ ချီးမြှောက် ဂုဏ်ပြုသွားမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၆ - ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့် ရမှတ်ပေါင်းအများဆုံး (၁၀)ဦးတွင် ပါဝင်သူ(၃)ဦး၊ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတွင် နိုင်ငံတော်အဆင့်ရမှတ်ပေါင်းအများဆုံး (၂ )ဦး နှင့် ၂၀၂၆ - ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း ဒုတိယရရှိအောင်နှင့် ထူးချွန်စွာ အောင်မြင်သူများ ထွက်ပေါ်လာအောင် အားကြိုးမာန်တတ် စီမံသင်ကြားပို့ချခဲ့သော တာဝန်ရှိသူများ အားဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ နှင့် တာဝန်ရှိသူတို့က တိုင်းဒေသကြီးအဆင့် ရမှတ်အများဆုံး သီပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဆုရကျာင်းသား၊ကျောင်းသူများ၊ တက္ကသိုလ်စာမေးပွဲတွင် ၆ဘာသာ၊ ၅ဘာသာ၊ ၄ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ များအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ပေးအပ်သည်။






