မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအဆင့်(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးအဆင့်(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး    စက်တင်ဘာ    ၁၁

          မကွေးတိုင်းဒေသကြီး(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများ၊ အနုပညာရှင် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ၂၀၂၆ ခုနှစ် မကွေးတိုင်းဒေသကြီး(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးသည်။

          ဆက်လက်၍ ၂ဝ၂၆ ခုနှစ်(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ သူလေးများက “ထိန်းသိမ်းစိုလေရိုးရာအမွေ” တေးသီချင်းဖြင့်သီဆို ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် မကွေး တိုင်းဒေသကြီး၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြိုနယ်နှင့် ခရိုင်အဆင့်ဆင့်ကို ဖြတ်ကျော်လာသည့် ကျောင်းသားကျောင်းသူများနှင့် ဝါသနာရှင်များက မိမိတိုတတ်မြောက်ထားသော ပညာရပ်များဖြင့် ထုတ်ဖော်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရေးအပါအဝင် ဦးတည်ချက်(၄)ရပ်ကို အခြေခံ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ယခင်နှစ်က ငလျင်ဘေး အန္တရာယ်ကြောင့် ပြိုင်ပွဲအဆင့် (၃)ဆင့်သာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဝါသနာရှင်အဆင့်နှင့် ကျောင်းသားအဆင့် ပြိုင်ပွဲဝင် အဆင့် (၅)ဆင့်လုံး ပါဝင်မည်ဖြစ်ပြီး ယခင်နှစ်က မပါဝင်နိုင်ခဲ့သည့် ဇာတ်တော်ကြီး၊ ရုပ်စုံသဘင်နှင့် ကွက်စိပ်ဘာသာရပ်များကို ပြန်လည်ထည့်သွင်းထားပြီး ပလွေနှင့် နှဲဘာသာရပ်များတွင် အမျိုးသမီးများ ပါ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမှာ ထူးခြားချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် နည်းပညာဆန်းများကြောင့် အချိန်နှင့် အမျှ ပြောင်းလဲနေကာ၊ မြန်မာ့အနာဂတ် လူငယ် ကျောင်းသား/ ကျောင်းသူများလည်း ပြောင်းလဲမှုများနှင့် အတူ လိုက်ပါ နိုင်စွမ်းရှိအောင် ကြိုးစားနေကြရန်လိုပါ ကြောင်း၊ လူငယ်များ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ခြင်း သာမက ယဉ်ကျေး သိမ့်မွေ့ခြင်းနှင့်ပါ ပြည့်စုံသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ကျင်းပ ပြုလုပ်ခြင်းသည်လည်း မြန်မာ့အနုပညာ ဖွံ့ဖြိုးတိုးတက် စေရုံသာမက ထူးခြားပြီး အနက်အဓိပ္ပာယ် ပြည့်ဝသည့် မြန်မာ့ အနုပညာကို ကမ္ဘာကပင်တွေ့မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ အနေနှင့်လည်း မိမိတို့ တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင်နိုင်ရန်အတွက် စိတ်အားထက်သန် စွာ ကြိုးစားပါဝင် ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ထို့အတူ မကွေးတိုင်းဒေသကြီး အနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲမှာ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် တိုင်းအဆင့် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ အသီးသီးမှ တာဝန်ယူ ဆောင်ရွက်ကြရသူများ အနေဖြင့် ရရှိထားကြသည့် အတွေ့အကြုံ၊ အရည်အချင်းများကို အခြေခံ၍ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ထူးချွန်ထက်မြက် သူများကို ထိုက်တန်သည့် ဆုရရှိနိုင်ရန် ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

          ထိုနောက်  ကျောင်းသား၊ ကျောင်းသူလေးများက “အညာအလှစုံညီ ဖန်ခါးရွှေပြည် ” တေးသီချင်း၊ “မြမန်းဂီရိ” တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး (၂၇)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကို စတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီ ဝင်များနှင့် ဝါသနာရှင်များက အားပေးကြည့်ရှုခဲ့ကြသည်။

          အဆိုပါ တိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို(၁၁.၉.၂၀၂၆)ရက်နေ့မှ (၁၅.၉.၂၀၂၆)ရက်နေ့ အထိ  ကျင်းပသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်(၂၁၇)ဦးတို့က မဟာဂီတ အခြေခံပညာ/အဆင့်မြင့်ပညာ အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း-ကာလပေါ် အခြေခံပညာ /အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ ဇာတိဂုဏ် အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲများ၊  အသက်(၁၀) နှစ်မှ(၁၅)နှစ် အထိ အခြေခံ ပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအကပြိုင်ပွဲ၊ ကဗျာလွတ် အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲတွင် အဆင့်မြင့် ပညာ/အခြေခံပညာ ပြိုင်ပွဲများ၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ တယော၊ မယ်ဒလင်၊ နှဲပြိုင်ပွဲ၊ ပတ္တလား၊ စန္ဒယား၊ အခြေခံပညာ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲများနှင့် ဇာတ်တော်ကြီး၊ ရုပ်စုံသဘင်နှင့် ကွက်စိပ်ဘာသာ ရပ်များတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း