မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှမ်း GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲနှင့် သိုလှောင်ရုံကုန်အပ်ချေးငွေစနစ် စတင်မိတ်ဆက် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှမ်း GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲနှင့် သိုလှောင်ရုံကုန်အပ်ချေးငွေစနစ် စတင်မိတ်ဆက် အခမ်းအနား တက်ရောက်

မကွေး     စက်တင်ဘာ     ၁၀

          မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှမ်း GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲနှင့် သိုလှောင်ရုံကုန်အပ်ချေးငွေ စနစ် စတင်မိတ်ဆက် အခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်းက မကွေးမြို့နယ် ကံလှ ကျေးရွာ GBS  လယ်ယာထွက်ကုန် ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီး အကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များ၊ နှမ်းသီးနှံရောင်းချမည့် အဖွဲ့ဝင်တောင်သူများနှင့် မကွေးမြို့ နယ်နှင့် မြို့သစ်မြို့နယ်မှ မိုးနှမ်းသီးနှံ  GAP အသိအမှတ်ပြု လက်မှတ်ရရှိကြသည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းဒေသကြီးဖြစ်တာနဲ့အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ် မှု မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စုစုပေါင်းလျာထားဧက(၂၇)သိန်းကျော် အနက် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ဧက (၁၃)သိန်းကျော်ကို အထူးဇုန် (၂)ဇုန်အဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ဩဂုတ်လကုန် အထိ မိုးဆီထွက်အထူးဇုန် (မြေပဲ၊ နှမ်း၊ နေကြာ) လျာထားဧက (၁၁)သိန်း (၃)သောင်းကျော်အပေါ် (၁၁)သိန်းနီးပါး၊ (၉၆.၄၇) ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့စားသုံးသူများရဲ့ လူနေမှုဘဝပုံစံတွေ ပြောင်းလဲလာခြင်းကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်တဲ့သီးနှံများ ထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်ကောင်းများ Good Agriculture Practices-GAP ဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ GAP ကို ကျင့်သုံး ဆောင်ရွက်ရာ မှာ စားသုံးသည့် အစားအစာများ အန္တရာယ်ကင်းရှင်းရေး၊ သီးနှံများရဲ့ အရည်အသွေး ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် လုပ်သားများရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝ သာယာရေးတို့ကို အဓိကထား ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ GAP စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုပါက လယ်ယာထုတ်ကုန်များရဲ့ အရည်အသွေးတိုးတက်ပြီး စီးပွားရေးအကျိုး အမြတ်ရရှိ စေမယ့်အပြင် သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်များ စားသုံးနိုင်မှာ ဖြစ်ပါကြောင်းနှင့် လယ်ယာ သီးနှံ စိုက်ပျိုးရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ တောင်သူလယ်သမားများ အပါအဝင် ပူးပေါင်း ဆောင်ရွက်သူများအားလုံး စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို ထိရောက်စွာ လက်တွေ့ အသုံးချ ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသစားရေ ရိက္ခာအတွက် ဘေးကင်းလုံခြုံစိတ်ချ ရသော လယ်ယာ ထွက်ကုန်များရရှိ ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြား သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း က လယ်ယာကဏ္ဍ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာမှာ GAP နည်းစနစ်များကို အပြည့်အဝ လိုက်နာ ကျင့်သုံး စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ခိုင်မာသောဈေးကွက်ရရှိပြီး သီးနှံများဈေးကောင်းရကာ တောင်သူ တစ်ဦး ချင်းစီတိုင်း ဝင်ငွေတိုးတက်လာပြီး တောင်သူလယ်သမားများနဲ့ ဆက်စပ်သူလုပ်ငန်းရှင်များ အားလုံးလည်း အကျိုးအမြတ် ရရှိလာကြမှာ ဖြစ်ပါကြောင်းနှင့် GAP လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားကာ၊ GBS မကွေးကုမ္ပဏီ Chief Operating Officer က GBS Company မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် သိုလှောင်ရုံကုန်အပ်ချေးငွေစနစ် စတင်ဖော်ဆောင်ခြင်းတို့ အား ရှင်းလင်းတင်ပြသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က မိုးနှမ်းသီးနှံ GAP လက်မှတ်ရ မကွေးမြို့နယ်နှင့်  မြို့သစ်မြို့နယ်များမှ တောင်သူများအား  GAP အသိအမှတ်ပြု လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပြီး၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကားပြောကြားသည်။

          ထို့နောက် တက်ရောက်လာသူ တောင်သူအဖွဲ့များမှ ကိုယ်စားလှယ်များက လိုအပ်ချက်များ ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ဆက်လက်၍ ဒေသခံတောင်သူများ၏ GAP နှမ်းသီးနှံစုပေါင်းပွဲ၏ ရောင်းဝယ်နေမှုစနစ်များ၊ နှမ်းနှင့် မြေပဲ ကုန်ချောစက်ရုံမှ GAP ကုန်ချော ထုတ်လုပ်နေမှုများ၊ Digital Farming App အသုံးပြုပြီး၊ တောင်သူများသို့ ပံ့ပိုးပေးနေသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် မြေပဲလုံးဆံ ကုန်ချော ထုတ်လုပ်ခြင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
GBS မကွေးကုမ္ပဏီအနေဖြင့် သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်စေရန် စိုက်ပျိုး ရေးနည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ GAP ထွက်ရှိလာသည့် သီးနှံများကို အသိအမှတ်ပြု လက်မှတ်များ ရရှိအောင် ပံ့ပိုးပေးခြင်းနှင့် မကွေးတိုင်းအတွင်းတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းသီးနှံများကို
  မြို့နယ်(၁၀)မြို့နယ်မှ တောင်သူဦးရေ တစ်သောင်း ဝန်းကျင်ဖြင့် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း