မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၉၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၉၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး     စက်တင်ဘာ     ၂၇

           မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက်(၂၀)ကျော်ကြာ ကျင်းပသွားမည်ဖြစ်ရာ  ဗုဒ္ဓပူဇနိယ ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

           ဦးစွာ မြသလွန်စေတီတော်မြတ်ကြီး(၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက် အောင်မြင်စွာကျင်းပရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၀)ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၁၄)ရက်၊ (၂၁.၁၀.၂၀၂၆) ရက်နေ့မှ (၉.၁၁.၂၀၂၆)ရက်နေ့အထိ(၂၀)ရက်တိုင်တိုင် အစဉ်အလာမပျက် အောင်မြင်စွာကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊  ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက် သွားနိုင်ရေးအတွက် ယခုအစည်းအဝေးအား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပွဲတော် ကာလအတွင်း ပွဲတော်သို့ လာရောက်လည်ပတ်သော မော်တော်ယာဉ်များ အဝင်/အထွက်နှင့် မော်တော် ယာဉ်များ စနစ်တကျနေရာချထားရေး အပါအဝင် မော်တော်ယာဉ်များ ပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်စည်း ကမ်းစနစ်တကျ ဖြစ်စေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုနှစ်မှာ ဆီမီး(၉၀၀၀) ကပ်လှူပူဇော်ခြင်းအပြင် မီးပုံးပျံ လွှတ်တင်ခြင်း အခမ်းအနားများ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ ပွဲတော်ကျင်းပ နေစဉ် တလျောက် မလိုလားအပ်သည့် ဘေးအန္တရာယ်များ မဖြစ်စေရေး မီးဘေးအန္တရာယ်များ မဖြစ်စေရေး  သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်ပေးစေလို ကြောင်း၊ ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ထည့်သွင်းဆွေးနွေး ပေးစေလိုကြောင်းနှင့် ယခင်နှစ် အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး တက်တက်ကြွကြွဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

           ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီး(၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက် အောင်မြင်စွာကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဗုဒ္ဓပူဇနိယပွဲတော် လုံခြုံရေးနှင့် မော်တော်ယာဉ်များနေရာချထားရေး ဆပ်ကော်မတီ ဥက္ကဌ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် မြသလွန်စေတီတော် မြတ်ကြီး(၂၅၉၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပရေး ဦးစီး ကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း  သိရသည်။


           အခမ်အနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများသည် မကွေးမြသလွန်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် မီးပုံးပျံလွှတ်တင်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေး ဘုရားပွဲတော်ကွင်းသို့ သွားရောက်၍ လုပ်ငန်းများ စတင်ဆောင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရား ဖူးလာ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူစွာ ရရှိနိုင်ရေးအတွက် ကျန်းမာရေးစခန်းများ ဖွင့်လှစ်ပေးရန်၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ဈေးဆိုင် ခန်းများ ခင်းကျင်းရောင်းချရာတွင် စနစ်တကျရှိစေရေးနှင့် စားသောက်ကုန်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း