မကွေး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့ ရွှေသူဌေးကုန်းရပ်ရှိ စွယ်တော်မြတ်စေတီ တော်(ချောက်)တည်ထားကိုးကွယ်နိုင်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်း အနားကို သက္ကရာဇ် ၁၃၈၈ ခု တော်သလင်းလ္ဆန်း(၁)ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က ရွှေသူဌေးကုန်းရပ် စွယ်တော်မြတ်စေတီတော်(ချောက်)တည်ထားကိုးကွယ်မည့် ကုန်းမြင့် တော်၌ ကျင်းပရာ ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယအဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပင့်သံဃာ ဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က အခမ်း အနားကို "နမောတဿ " သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရေနံချောင်းမြို့၊ ရွှေတောင် ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တတေဇနိယဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကာ၊ ပရိတ်တရားတော်များကို ရိုသေစွာ နာယူခဲ့ကြသည်။
ဆက်လက်၍ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို ဆရာတော် အရှင်သူမြတ်များထံ ဆက်ကပ်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာရွှေကြုတ်၊ အုတ်မြစ် တော်နှင့် လှူဖွယ်ပစ္စည်းများကို ရွှေတောင်ဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းကာ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် စလင်းမြို့၊ မဟာဝိသုတာရာမတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တပဏ္ဍိစ္စ ထံမှ အနုမောဒနာနှင့် ရေစက်ချတရား နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနား ကျင်းပရာ အခမ်းအနားမှူး က -"မင်္ဂလာအခါတော်"ဟု ကြွေးကြော်သည်နှင့် တစ်ပြိုင်နက် အလယ်ဗဟိုချက်မှာ ရွှေတောင် ဆရာတော် ဘုရားကြီးက ရတနာရွှေကြုတ်ကို စီသွင်းပူဇော်ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ပတ္တမြား ရတနာ အုတ်မြစ်တော်နှင့် မော်ကွန်းစာကျောက်ပြားကို စီသွင်းပူဇော် ခဲ့သည်။
ထို့နောက် အရပ်မျက်နှာ အုတ်မြစ်နေရာများတွင် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က နေ့နာမ်အလိုက် နေရာယူပြီး သန္တာရတနာအုတ်၊ စိန်ရတနာအုတ်၊ ပုလဲရတနာအုတ်၊ ကြောင် ရတနာအုတ်၊ ဂေါ်မုတ်ရတနာအုတ်၊ မြရတနာအုတ်၊ ဥဿဖုရားရတနာအုတ်နှင့် နီလာရတနာအုတ် တို့ကို စီသွင်းပူဇော်ခဲ့ကြပြီး၊ အမွေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခြင်း၊ ရတနာရွှေကြုတ် အုတ်မြစ်တော် နေရာကို အင်္ဂတေဖြင့် အခိုင်အမာ ပြုလုပ်ခြင်းများ ဆောင်ရွက်ကာ၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြီမ် ရွက်ဆို ဆုတောင်း၍ ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ပခုက္ကူခရိုင် ဆိပ်ဖြူမြို့သို့ သွားရောက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နယ်မြေဒေသလုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆိပ်ဖြူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ဆိပ်ဖြူမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာအချက်အလက်များ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ မြို့မိမြို့ဖများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဒေသလိုအပ်ချက်များအား တင်ပြချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေ သကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုကာကွယ် နှိမ်နင်းရေး တပ်ဖွဲဝင်များနှင့် မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့သည်။













