မကွေး စက်တင်ဘာ ၁၆
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင် ဘာလ ၁၆ ရက် ယနေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များ မှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးတင်ကိုကိုက အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း ပေးနိုင်ရန် အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ Global Action for A Cooler Planet “ ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့ ” ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကနေ တစ်ဆင့် လူသားတွေနဲ့ ကမ္ဘာပေါ်ရှိ သက်ရှိတွေကို ကောင်းမွန်တဲ့ အိုဇုန်းလွှာနဲ့ ဆက်လက်ပြီး အကာ အကွယ်ပေးသွားနိုင်ဖို့ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းနဲ့ ရာသီဥတု ပြောင်းလဲမှု လျှော့ချခြင်း လုပ်ငန်းစဉ်တွေမှာ ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အအေးပေး နည်းပညာနဲ့ ဆက်စပ် လုပ်ကိုင်နေကြတဲ့ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များနဲ့ ယနေ့လူငယ် နောင်ဝယ် လူကြီးဖြစ်လာ ကြမယ့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများက အပြုသဘော ဆောင်စွာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်း လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message အား ပြသခြင်း၊ UNEP ၏ အမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး၏ Video Message အား ပြသခြင်းနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကလစ်အား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ် အဆင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲနှင့် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ တွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ ပြီး၊ ခင်းကျင်းပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး ပြခန်းများ၊ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ပြိုင်ပွဲဝင် ဆုရစာစီစာကုံးများကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းနှင့် တက်ရောက်လာသူများအား Recycle bag ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်၊ Note Book များ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ Logo ပါ ကော်ဖီခွက်၊ အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။










