မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ စိတ်ဓာတ်၊ စည်းကမ်း ပြည့်ဝပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့် နိုင်ငံလက်ရွေးစင် အနာဂါတ်လူငယ် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စကုမြို့ အားကစားကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အမျိုးသားအလွတ်တန်း ကလပ်အသင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီအချိန်က စကုမြို့မ အားကစား ကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးခင်မောင်ညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းမှ ဘောလုံး အားကစားဝါသနာရှင် ပရိတ်သတ်များက တစ်ခဲနက် အေးချမ်းပျော်ရွှင်စွာ လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်။
စကုမြို့အားကစားကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် အမျိုးသားအလွတ်တန်း ကလပ်အသင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် စကုမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြိုင်ပွဲအသင်းများ၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်းနှင့် ငဖဲမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများအပြင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကလပ် အသင်းများက ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၂၅ သင်းဖြင့် အုပ်စု(၈)အုပ်စုခွဲ၍ အုပ်စုပတ်လည်ပြိုင်ပွဲများ၊ ကွာတားဖိုင်နယ်ပွဲစဉ်များနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်မှ စက်တင်ဘာ လ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဖိုင်နယ် ဗိုလ်လုပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၈ ရက်နေ့က ထနောင်းတောဖူဆယ်ကလပ်အသင်းနှင့် သမထီးကျေးရွာ ဘောလုံးအသင်းတို့ အကြိတ် အနယ် ယှဉ်ပြိုင်ကစားကြရာ ထနောင်းတောဖူဆယ်ကလပ်အသင်းက (၆ - ၂) ဂိုး ဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့သည်။
ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက ပထမဆုရရှိခဲ့သည့် ထနောင်းတောဖူဆယ် ကလပ်အသင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၁၅)သိန်းနှင့် စကုမြို့အားကစားကော်မတီမှ ငွေကျပ် (၁၅)သိန်း စုစုပေါင်းငွေကျပ် သိန်း(၃၀)၊ ဒုတိယဆုရရှိခဲ့သည့် သမထီးကျေးရွာ ဘောလုံး အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၁၀)သိန်းနှင့် စကုမြို့အားကစားကော်မတီမှ ငွေကျပ် (၁၀)သိန်း စုစုပေါင်းငွေကျပ် သိန်း(၂၀) ပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် ပြိုင်ပွဲတစ်လျောက် တစ်ဦးချင်း အကောင်းဆုံးဆုရ ကစားသမားများနှင့် ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးကို လည်ဆွဲ၊ ဆုတံဆိပ်၊ ငွေသားဆု များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။






