မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မွေးကင်းစကလေး အသက်ကယ်ပြုစု စောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မွေးကင်းစကလေး အသက်ကယ်ပြုစု စောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၆

          ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHVs)နှင့် သားဖွားဆရာမများ (MWs)ကိုယ်တိုင်မွေးဖွားခြင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် ရေမွန်းသော မွေးကင်းစက လေးငယ်များအား အသက်ရှူနိုင်စေရန် အသက်ကယ်ပြုစု စောင့်ရှောက်မှု ပေးခြင်းဆိုင်ရာ ပြုစုကုသမှုအား ကျွမ်းကျင်မှုရှိစေရန်၊ မွေးပြီးတစ်မိနစ်အတွင်း တိကျမှန်ကန်သော အသက်ကယ်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustaina ble Development Goals-SDGs) အရ (၂ဝ၃ဝ) ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးကင်းစကလေး သေဆုံး မှုနှုန်းအား အရှင်မွေး(၁,၀၀၀)ဦး လျှင်(၁၂)ဦးသို့လည်းကောင်း၊ အသက်(၅)နှစ်အောက် ကလေး သေဆုံးမှုနှုန်းအား အရှင်မွေး(၁,ဝဝဝ)ဦး လျှင်(၂၅) ဦးသို့လည်းကောင်း၊ လျှော့ချနိုင်ရန် ရည်မှန်းချက် ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မွေးကင်းစ ကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်း သင်တန်း (Training on Neonatal Resusci tation)ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူ ဟိုတယ်ခန်းမ၌ ကျင်းပသည်။

          မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်း သင်တန်း(Training on Neonatal Resuscitation)ဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ်(မကွေး)မှ ကလေးကျန်းမာပညာဌာနမှ ပါမောက္ခ/ဌာနမှူး၊ ကလေးအထူး ကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသက် ငါးနှစ်အောက် ကလေးငယ်များအားလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာပြီး ကာယ၊ ဉာဏ နှင့် လူမှုဘဝပြည့်စုံသော ဘဝများရရှိ၍ အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်စေရန် မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများအား ရည်ရွယ်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်းနှင့် မွေးကင်းစ ကလေး သေဆုံးနှုန်းဟာ နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းအဖြစ် ပါဝင်နေသည့် အတွက် အရည်အသွေးပြည့်မီသည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးရမှာဖြစ်ပါကြောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ရေမွန်းသော မွေးကင်းစကလေး အသက်ရှူရန် အသက်ကယ်ပြုစုခြင်း ဆရာဖြစ်သင်တန်းများကို တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်များမှာ ဆောင်ရွက်ခဲ့ပြီး မွမ်းမံသင်တန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ကျန်းမာ ရေးဌာန၊ ဌာနခွဲများရဲ့ သားဖွားခန်းများမှာ Bags & Mask နှင့် ချွဲစုပ်ကိရိယာများလည်း ဖြန့်ဖြူးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ပြည့်မှီစေရန် မွေးကင်းစကလေး သေဆုံးမှု အများဆုံးတွင် ပါဝင်သော မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချရမှာ ဖြစ်တဲ့ အတွက် ဒီသင်တန်းမှာ ကျွမ်းကျင်စွာတက်မြောက်အောင် သင်ယူပြီး မိမိတို့ဆေးရုံ၊ ဆေးခန်း ဌာနများ မှာ သင်ကြားရေးအဖွဲ့ငယ်များ ဖွဲ့စည်း၍ စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ လက်တွေ့ အသုံးချခြင်းဖြင့် မွေးကင်းစကလေး ရေမွန်းသေဆုံးမှုကို လျော့ချနိုင်စေရန် အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

          ထို့နောက် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးမှ သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး၊ သင်တန်း ပို့ချအား ဆောင်ရွက်စတင်ဆောင်ရွက်ခဲ့သည်။

          အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဆရာဝန်များ၊ သူနာပြုများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သားဖွားဆရာမများ တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းပြုလုပ် မည့် နန်းထိုက်သူဟိုတယ်နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတို့ တွင်(၆-၁-၂၀၂၅)မှ(၇-၁-၂၀၂၅) အထိ မကွေး၊ မင်းဘူး၊ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက် မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၂၄၀)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များတွင် ရေနံချောင်း၊ ချောက်၊ အောင်လံ၊ ပွင့်ဖြူ၊ ပခုက္ကူ မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၁၉၁)ဦးဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် သရက်၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ ကံမ မြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း(၁၅၆)ဦးနှင့် ဇန်နဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက် နေ့များတွင် ရေစကြို၊ ဆိပ်ဖြူ၊ စေတုတ္တရာ၊ ငဖဲ၊ စလင်း မြို့နယ်များမှ ကျန်းမာရေး ဝန်ထမ်း (၁၂၁)ဦးဖြင့် လည်းကောင်း၊ မြို့နယ်(၂၀) မြို့နယ်မှ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၇၀၈)ဦးအား သင်တန်းပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း