မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ပခုက္ကူတက္ကသိုလ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ပခုက္ကူတက္ကသိုလ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ပခုက္ကူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဒီဇင်ဘာလ ၂၀ရက် နံနက် ၈နာရီခွဲအချိန်က ပခုက္ကူတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် "မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးလှုပ်ရှားမှုများ" အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက " မြန်မာတိုင်းရင်းသားလူမျိုးတို့သည် ကိုယ့်ထီး၊ကိုယ့်နန်း၊ကိုယ့်ကြငှန်းတို့ဖြင့် နှစ်ပေါင်းများစွာပင် နေထိုင်လာခဲ့ကြကြောင်း၊ သို့သော် ၁၈၈၆ခုနှစ်၊ နယ်ချဲ့ဗြိတိသျှလက်အောက် ကိုလိုနီအဖြစ်ကျရောက်ချိန် ကစတင်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ဓလေ့ထုံးစံများ၊ ဘာသာသာသနာ၊စာပေနှင့်ပညာရေးများ တဖြေးဖြေးမှေးမှိန်လာခဲ့ကြောင်း၊ ဒါ့ကြောင့် မြန်မာတိုင်းရင်းသားလူမျိုးများသည် နည်းပညာ၊ အတွေ့အကြုံနှင့်လက်နက်အင်အားများ ကွာခြားသော်လည်း မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်မြတ်နိုးကာကွယ်လိုသည့်စိတ်ဓာတ်များဖြင့် နည်းမျိုးစုံသုံးကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆင်နွှဲခဲ့ကြခြင်းကြောင့် ၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ကြကြောင်း၊ ထို့သို့ သူ့ကျွန်ဘဝမှလွတ်မြောက်ရေး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများကို လေးစားတန်ဖိုးထားမြတ်နိုးပြီး ကမ္ဘာတည်သရွေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရပ် တည်နိုင်ရေး ၊အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားစေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း" ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်ဖြူဖြူသန်းက "မြန်မာ့နိုင်ငံရေးသမိုင်းလှုပ်ရှားမှုများကို ဆန်းစစ်လေ့လာခြင်း(၁၈၈၆-၁၉၃၀)"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ ဒေါက်တာမြတ်စန္ဒာအေးက "မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု(၁၉၄၅-၁၉၄၈)" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာစန်းစန်းတင့်က "တောင်သူလယ်သမားလှုပ်ရှားမှုကိုဆန်းစစ်လေ့လာခြင်း" ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ တွဲဖက်ပါမောက္ခ ဦးတင်ထွန်းအောင်က "ဖက်ဆစ်ဂျပန်တော်လှန်ရေး(၁၉၄၁-၁၉၄၅)"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြရာ တက်ရောက်လာကြသည့် ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့်ဆရာ၊ဆရာမများက မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဟောပြောဆွေးနွေးသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။

နောက်ဆုံးရ သတင်း