မကွေး အောက်တိုဘာလ ၁၄
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲမှ မကွေးမြို့သို့ပြန်လည်ရောက်ရှိလာသည့် ပြိုင်ပွဲ ဝင်များနှင့် အုပ်ချုပ်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက မကွေးမြို့ ဖန်ခါးမြေ ဂေါက်ကွင်းရှေ့မှ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကာ၊ မကွေးမြို့မြိုတော်ခန်းမတွင် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကြီးကို မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် များကျန်းမာဘေးကင်းအောင်မြင်စွာ ပြိုင်ပွဲဝင်နိုင်ခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါ ကြောင်း၊ ယခုယှဉ်ပြိုင်ခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီး/ ပြည်နယ်များက သွေးချင်းညီအကို၊ မောင်နှမများ၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် လူမှုရေး ဦးတည်ချက်ကို မြန်မာနိုင်ငံသား အားလုံးနှင့် ပညာရှင်များအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ကြခြင်းဖြစ်ပါကြောင်း၊ #မကွေး တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်တစ်ဦးချင်းသော်လည်းကောင်း၊ ပြိုင်ပွဲဝင် အဖွဲ့လိုက်သော် လည်းကောင်း ဆုရရှိခဲ့ကြတဲ့ ပြိုင်ပွဲဝင်မောင်မယ်များကို အောင်မြင်မှု အတွက် ဂုဏ်ပြုစကား ပြောကြားလိုပြီး ဆုမရရှိသေးတဲ့ ပြိုင်ပွဲဝင်များနှင့် ပတ်သက်ပြီးလည်း ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ်နိုးနိုး ပြိုင်ပွဲဝင် ခဲ့ကြတဲ့အတွက် အထူးလေးစား တန်ဖိုးထားပါ ကြောင်း၊ ဆက်လက်ကြိုးစားအားထုတ် ကြဖို့လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲ အတွေ့အကြုံများ၊ အားနည်းချက်/အားသားချက်များကို သုံးသပ်၍ နောင် ရွှေရတု၊ စိန်ရတုနှစ် များတိုင်အောင် အတွေ့ကြုံများကို လက်တွေ့အသုံးချပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်အောင် ကြိုးစားအားထုတ် ကြပါလို့ပြောကြားလိုပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မကွေး တိုင်းဒေသကြီး အနေဖြင့် ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၈)ခု စုစုပေါင်း ဆု(၁၃)ခုရရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ်(၁၄)ခုတွင် အဆင့်(၁၃)ရရှိခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၅ခုနှစ် (၂၆)ကြိမ်မြောက် #မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာတော့ ရွှေ(၅)ခု၊ ငွေ(၃)ခု၊ ကြေး(၆)ခု စုစုပေါင်း ဆု(၁၄)ခုရရှိခဲ့ကာ တိုင်းနှင့်ပြည်နယ်(၁၄)ခုတွင် အဆင့်(၇)သို့ တိုးတက်တည်ရှိ လာပါကြောင်း၊ ယခုကဲ့သို့ မကွေးတိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက် ဒေသအသီးသီးမှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံခွင့်ရသလို ရိုးရာယဉ်ကျေးမှု အနုပညာများ ဓလေ့ထုံးတမ်း များကိုလည်း သိရှိခွင့် ရခဲ့ကြမှာဖြစ်ပါကြောင်းနှင့် ရရှိခဲ့တဲ့ ဗဟုသုတများ အတွေ့အကြုံများကို အခြေခံပြီး နောင်နှစ်များတွင်လည်း အကောင်းဆုံး ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြောကြားသည်။
ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲ အုပ်ချုပ်သူအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်က ပြိုင်ပွဲတစ်လျှောက်ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဗဟိုအဆင့်ပြိုင်ပွဲ အုပ်ချုပ်သူ ဒု အဖွဲ့ခေါင်းဆောင် ဥပဒေချုပ် ဦးတင့်ဝေက ကျေးဇူးတင်စကား ပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုတည်ခင်းဧည့်ခံသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။