မကွေး အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တာဝန်ရှိသူ များလိုက်ပါကာ၊ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင် ပြည်သူများက သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန်နှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အထက်ဌာန အဆင့်ဆင့်သို့ သတင်းပို့နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ အပေါ်ထပ်တွင် ဖွင့်လှစ်ထားရှိသည့် မကွေးတိုင်းဒေသကြီး Call Center သို့ သွားရောက် ကြည့်ရှု့စစ်ဆေးသည်။
ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များ စုံစမ်း မေးမြန်းရာတွင် ဥပဒေ၊ နည်းဥပဒေနှင့် အညီ ရှင်းလင်းစွာ ပြန်လည်ဖြေကြားရန် လိုကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များအား မကွေးတိုင်းဒေသကြီး Call Center ဌာနတွင် စနစ်တကျ ပြုစု မှတ်တမ်းထိန်းသိမ်းရန်လိုကြောင်း၊ နေ့စဉ်လုပ်ငန်းမှတ်တမ်း၊ တယ်လီဖုန်း အဝင်/အထွက် မှတ်တမ်းများထားရှိရန်၊ တယ်လီဖုန်းလိုင်းပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနသို့ အသိပေးထားရန် လိုကြောင်းနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အခြားသိရှိလိုသည်များ ရှိပါက ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် ရှင်းလင်းစွာ ပြန်လည်ဖြေကြားရန်လိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအစဉ်၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ တွင်လည်း Call Center ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးတို့က မကွေးတိုင်းဒေသကြီး Call Center တွင် လုပ်ငန်းများဆောင်ရွက် ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကာ၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။