မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇူလိုင် ၉ ရက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာ၌ နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ထုတ်ကန်ထရိုက်လယ်ယာမြေစနစ် ဧက(၅၀၀) အတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်စံကျေးရွာရှိ ကွင်းအမှတ်(၁၂၀၃)၊ ဒေသခံ တောင်သူ ဦးသန်းလွင်၏ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ရောက်ရှိပြီး နွေးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ နွေစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအပေါ် စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ၀ ဒသမ ၁၀ ဧကအတွင်း စံကွက်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း စပါး(အစို) ၉၆ ဒသမ ၇၅ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ မျိုးစေ့ထုတ်ကန်ထရိုက်လယ်ယာမြေစနစ် ဧက(၅၀၀) အတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးလက်နေပြည်သူများဖြစ်တာကြောင့် တောင်သူများ လူနေမှုဘဝမြင့်မား စေရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က အထူးအလေးထားပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံ စေရေးနှင့် စီးပွားဖြစ် စပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို သေခြာစိစစ်ရွေးချယ်းပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ စပါးအထွက်နှုန်း တိုးတက် ကောင်းမွန်မှာဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းကို အထောက်အကူဖြစ်စေရေးနှင့် မျိုးစေ့ဖိုး ကုန်ကျ စရိတ် သက်သာစေရေးအတွက် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံ မျိုးပွားစိုက်ပျိုးနည်းစနစ်များကိုလည်း စမ်းသပ်စိုက်ပျိုးဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေး နှင့် တစ်နှစ်ကို သီးနှံသုံးသီး(သုံးရာသီ) စိုက်ပျိုးနိုင်စေရေး အတွက် ဆိုလာလျှပ်စစ်သုံး မြစ်ရေတင် စီမံကိန်းများနှင့် မြေအောက်ရေသုံး ဆိုလာစက်ရေတွင်း များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးများမှုအပေါ် တောင်သူများက လည်း မိမိတို့ဘက်မှ ထမ်းဆောင်ရမည့် ရေခွန်များကို စနစ်တကျ လစဉ်ကျေပွန်စွာ ပေးသွင်းစေလို ကြောင်း စသည်ဖြင့် ပြောကြား သည်။
ထို့နောက် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက မုန်းသီတာကုမ္မဏီ လီမိတက်နှင့် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းတို့က ကျောက်စံကျေးရွာရှိ ဒေသခံတောင်သူများ နှင့် အကျိုးတူပူးပေါင်းပြီး စပါးမျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေရရှိရေးကဏ္ဍနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က လိုအပ်သည်များကို သက်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ကျောက်စံကျေးရွာ၌ ဒေသခံတောင်သူများနှင့် မုန်းသီတာကုမ္မဏီလီမိတက်၊ ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် စပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၅၀၀ ကို တောင်သူပေါင်း ၄၂၁ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ ပံ့ပိုးကူညီသော မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် တစ်ဧကလျှင် ဧရာမင်းမျိုးစပါး ၁ ဒသမ ၅ တင်းနှုန်း၊ သဘာဝဓါတ်မြေဩဇာ ၅ အိတ်နှုန်း၊ ယူရီးယာနှင့် ကွန်းပေါင်းဓါတ်မြေဩဇာ တစ်အိတ်နှုန်း ဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။