မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး အောက်တိုဘာ ၂၅

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ် ကံကုလား ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းထိုင်ဆရာတော်အား ဖူမျှော်ကြည်ညို ကာလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကံကုလားကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ကံကုလား၊ ကျောက်စစ်ပုံ၊ ကံသစ်၊ ကုလားပါး၊ ကျောက်စံကျေးရွာ အုပ်စုများမှ မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) တာဝန်ရှိသူများက ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)စက်အား ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲစည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင် ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တိုကို ရှင်းလင်းပြောကြား ဆောင်ရွက်နေမှု၊ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စိတ်ပါဝင်စား စွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက် နေမှုနှင့် မဲပေးစက် Printer မှ ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် မှန် ၊ မမှန် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ လက်မှတ်များ စိစစ်၍ မဲရလဒ် ထုတ်ပြန်ခြင်းများ သရုပ်ပြသ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးကာ၊ အဆိုပါ ဘုန်းတော်ကြီးကျောင်း ကန်သာယာဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲသည်။

          တွေ့ဆုံစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေ သကြီးဦးစီးမှူးက ကျေးရွာများတွင် ရေရယူရန်ခက်ခဲသည့် မိုးစပါး စိုက်ခင်းများအတွက် ဆိုလာ ရေတင်စနစ်ဖြင့် ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဗီနိုင်းကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား တစ်ပိုင်တစ်နိုင် ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက် မည်ဆိုပါက တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရရှိရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက ဝင်ငွေတိုးတက် စေရေးအတွက် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုး ၍ တောင်သူများ ဝင်ငွေတိုးတက်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေကို လေလွင့်ဆုံးရှုံးမှု မရှိစေရေး စိုက်ခင်း အတွင်း စနစ်တကျ ရေသွင်းရေထုတ်ပြုလုပ်ရန်၊ ပြောင်းလဲလာသောရာသီဥတုနှင့် အညီ လိုက်လျော ညီထွေဖြစ်စေမည့် တစ်ဧကတင်း(၁၅၀)နှင့် အထက်ထွက်ရှိနိုင်သော (ဆာဖိုးသာနှင့် အောင်နိုင်တိုး) စပါးမျိုးကဲ့သို့ သက်တမ်းတိုအထွက် ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်ပျိုး နည်းစနစ်များကို အသုံးပြု၍ အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက်ရန်နှင့် တောင်သူများအနေဖြင့် လက်တွေ့လိုက်ပါ ဆောင်ရွက်နိုင်ရေး၊ မျှော်မှန်း ပန်းတိုင်အထွက်နှုန်းများရရှိ၍ တောင်သူများ၏(၁) ဧကဝင်ငွေတိုးတက်လာစေရေး၊ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးနှင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကိုအားပေးစို့ စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင် သွားကြရန် လမ်းညွှန်မှာကြား သည်။

          ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာအုပ်စုများမှ ဒေသခံ တောင်သူ များမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ အလက- ကံကုလား နှင့် အလက- ကံသစ်ကျောင်းများသို့ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း