မကွေး အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူး ရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီက မကွေး တက္ကသိုလ်၊ ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ နည်းပြများ၊ ဆွေးနွေးပွဲ တက်ရောက်မည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သလို လူ့စွမ်းအားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့ကလည်း ပညာရေးမြင့်မားဖို့က အရေးပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့်ကို သင်ရိုးသစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေရာ သိပ္ပံ ဘာသာရပ်များဖြစ်တဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များမှာ လက်တွေ့သင်ခန်းစာများ သင်ကြားရာတွင် အခက်အခဲတစ်ချို့ တွေ့ကြုံနေရတဲ့အတွက် တာဝန်ရှိသူများက သင်ထောက်ကူ လက်တွေ့ အသုံးချသင်တန်းနှင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးတာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချခြင်းဖြင့် ဆရာ၊ ဆရာမများရဲ့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ရာရောက်သလို မိမိတို့ရဲ့ အသိပညာများကို ပြန်လည်ပို့ချသင်ပြရမည့် ဆရာ၊ ဆရာမများအနေနဲ့ ကျောင်းသား၊ ကျောင်းသူ လေးများရဲ့ ပညာရည်မြင့်မားတိုးတက်စေရန် အတွက် လည်း များစွာအထောက်အကူပြု လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း၊ #ယခုတက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ သင်ရိုး သစ်ပညာရေး စနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက် ရာမှာ သင်ကြား၊ သင်ယူမှု အောင်မြင်စေရန်အတွက် အဓိကလိုအပ်တဲ့ ဘာသာရပ်ကျွမ်းကျင်မှု အတွက် တစ်ဖက်က ကြိုးစားလေ့လာရင်း ထိရောက်အောင်မြင်အောင် ဘယ်လိုသင်ကြားပေးရမလဲ ဆိုတဲ့ သင်နည်းစနစ်ကိုပါ ကြိုတင်တွေးတော ပြင်ဆင်ထားကြပါလို့ မှာကြားလိုကြောင်း၊ “ပညာရေး ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုတဲ့ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကာ၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာများစွာ လိုအပ်သလို ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ယောက် ဖြစ်လာစေဖို့ အထောက်အကူရရှိမဲ့ သင်ယူလေ့လာမှုတိုင်း စနစ်သစ်ပညာရေးကိုစဉ်ဆက်မပြတ် လေ့လာသင်ယူ နေမှသာ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေးပြည့်ဝ နေမှသာ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိပြီး ဗလငါးတန်နဲ့ ပြည့်စုံတဲ့ နိုင်ငံ့သား ကောင်းတွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ “ပညာရေးသည် နိုင်ငံအရေး ဖြစ်သည်” ဆိုတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရည်ပြည့်ဝသော အသိပညာ ရှင်အတတ်ပညာရှင်များစွာရှိရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှာ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်း စာတွေကို တက်တက်ကြွကြွနဲ့ ပြည့်ဝစွာ သင်ယူခြင်းဖြင့် ဆရာ၊ ဆရာမကောင်းတို့ရဲ့ အရည် အချင်းတွေ တိုးတက်လာမှာဖြစ်ပြီး၊ မိမိတို့ သင်ကြားပို့ချရမဲ့ ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင် ရုံမျှသာမက ကလေးများကိုယ်တိုင် သင်ယူခွင့်တွေ တိုးတက်လာအောင် လေ့ကျင့်ပြုစု ပေးနိုင်မှသာ သင်ကြားရေး အောင်မြင်သော ဆရာ၊ ဆရာမများ အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုလွင်က သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး ဆွေးနွေးပွဲဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကို မကွေးတက္ကသိုလ်တွင် မကွေးတက္ကသိုလ်ရှိ ဘာသာရပ်ကျွမ်းကျင် နည်ပြများ၊ ကထိက များနှင့် ပါမောက္ခများမှ သိပ္ပံဘာသာရပ် အထက်တန်း အဆင့်သင် ဆရာ၊ ဆရာမ (၁၄၇၅)ဦးတို့အား အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ လက်တွေ့သင်ကြား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။



