မကွေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မြို့ရှောင်လမ်း နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ စံပြတမာ စိုက်ခင်း(၂၅) ဧကအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ တက်ရောက်၍ အမြင့်သုံးပေနှင့်အထက်ရှိသော သက်တမ်းရင့် တမာ သစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပွဲတွင် ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်း ဒေသကြီးအတွင်း ကြိုးဝိုင်းတော ၁၀၅ ခု၊ ကြိုးပြင်ကာကွယ်တော ၆၇ ခု၊ သဘာဝထိန်းသိမ်း ရေးနယ်မြေ ၄ ခု စုစုပေါင်း ၂၈၈၀၆၆၃ ဧက ရှိသဖြင့် သစ်တောနယ်မြေဧရိယာ ၂၆ ဒသမ ၀၁ ရာခိုင်နှုန်း တည်ရှိကြောင်း၊ လူဦးရေများပြားလာမှုကြောင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများချဲ့ထွင်ခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့လာခြင်း၊ ထင်း/မီးသွေး လောင်စာလိုအပ်ချက် များပြားလာခြင်း၊ သတ္တုတူး ဖော်ခြင်း၊ တရားမဝင် သစ်ခိုးယူထုတ်လုပ်မှုများကြောင့် သစ်တောအတန်းအစားမှာ တဖြည်းဖြည်း လျော့ကျလာခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုမှာ FAO ၏ FRA 2010 စာရင်းအရ တိုင်းဒေသကြီး ဧရိယာ၏ (၁၃.၇)% သာကျန်ရှိသဖြင့် ၁၀ နှစ်အတွင်း (၃,၄)% လျော့နည်းသွားတာကို တွေ့ရှိရကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန စတင်တည် ထောင်သည့်နှစ်မှစတင်၍ ဌာန၏ အဓိက လုပ်ငန်းတာဝန်ကြီး(၄)ရပ်ဖြင့် လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်လာခဲ့ရာ ယနေ့အထိ ကျေးရွာသုံးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ တောင်တန်း စိုက်ခင်း၊ အခြားစိုက်ခင်း စုစုပေါင်း ၂၀၂၃၄၅ ဧက စိုက်ပျိုးခဲ့ပြီး အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးပင်ပေါင်း ၈၀၂၂၇၃ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ထင်းလောင် စာသုံးစွဲမှု လျော့ချရေးလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် လူထုပညာပေးဟောပြောပွဲများ မြို့နယ်များတွင် နှစ်တိုင်း လစဉ်ကျင်းပပြု လုပ်ခဲ့ပြီး စွမ်းအားမြှင့်မီးဖိုပေါင်း ၃၆၀၆၅၈ လုံး ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စိမ်းလန်းစိုပြည်ရေး နှင့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဒေသသစ်မျိုးဖြစ်သည့် တမာပင်များ တိုးမြှင့်စိုက်ပျိုးခြင်း လုပ်ငန်းကို နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေခြင်း၊ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြည်လည် ကောင်းမွန်လာစေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တမာပင်စိုက်ပျိုးခြင်းအနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ချောက်မြို့နယ် ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည် ရေးစီမံကိန်းတွင် တမာပင်(၁၀၄၄၁၈၄)ပင်နှင့် တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွင် တမာပင် (၁၄၀၀၀)ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ တိုင်း ဒေသကြီးသစ်တောဦးစီးဌာနအနေဖြင့်လည်း တမာပျိုးပင်ပေါင်း(၃၅၆၀၀)ပင် ပျိုးထောင်ထားပြီး (၁၉၀၆၆)ပင်ကို တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခဲ့ပြီး ဖြစ်သည့် အတွက် မကွေးတိုင်းဒေသကြီးအတွင်း တမာပင် စုစုပေါင်း(၁၀၇၇၂၅၀)ပင် စိုက်ပျိုးပြီးကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ စံပြတမာစိုက်ခင်း ဧက ၁၀၀ တွင် ပျိုးပင်ပေါင်း ၄၃၅၀၀ ပင်ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တာဝန်ယူကာ ရေနံချောင်းမြို့နယ် ယခုသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပသည့်နေရာတွင် တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ ယခုနှစ်မိုးရာသီတွင် ၂၅ ဧကနှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ၇၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တမာပင်များ ပျိုးထောင်ပြီး မကွေးခရိုင်အတွင်း သက်ဆိုင်ရာဌာန လမ်းပိုင်းအလိုက် စိုက်ပျိုးနိုင်ရေးအတွက်လည်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ယခုနှစ်မိုးရာသီတွင် တမာပျိုးပင် ၅ သိန်း၊ ၂၀၂၄ ခုနှစ် မိုးရာသီတွင် တမာပျိုးပင် ၅ သိန်းကို ပျိုးထောင်ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တမာပင်များစိုက်ပျိုးရခြင်းမှာ သဘာဝမြေသြဇာများ ပေါများစွာရရှိပြီး လယ်ယာသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အထောက်အကူပြုစေဖို့၊ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ဖို့ ဓာတုမြေသြဇာ/ ပိုးသတ်ဆေး အသုံးပြုမှု လျော့ကျစေခြင်းဖြင့် သက်ရှိသတ္တဝါများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန် လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေအပြင် တိုင်းဒေသကြီးအတွင်း သစ်တောဖို့းလွှမ်းမှု တိုးတက် ကောင်းမွန် ပြီး ဂေဟစနစ်နှင့် ရာသီတု မှန်ကန်မျှတစေရေးကို အထောက်အပံ့ရရှိစေမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင် မကွေးတိုင်းဒေသကြီးဟာ အပူပိုင်းဇုန်အတွင်း ကျရောက်ပြီး မိုးရေချိန် လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၇ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားပြီး ခြောက်သွေ့ကာလလည်း ကြာရှည်သည့်အတွက် မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာများ ကုန်ခမ်းသွား၍ အပင်များ သဘာဝအတိုင်း မျိုးဆက်ရန် ခက်ခဲကြောင်း၊ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်ဆီးပြီး သဲကန္တာရဖြစ်ထွန်း နိုင်သည့်အခြေအနေများ ဖြစ်ပေါ်နိုင်သည့်အတွက် သစ်ပင်စိုက်ပျိုးခြင်းကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးမှာ တမာပင်များကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ပြီး တမာပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း ဆောင်ရွက်မှုသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူတို့ အတွက် အကျိုးပြုသည်သာမက ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်တာဆီးရာမှာ အထောက်အပံ့ဖြစ်စေသည့်အတွက် ယနေ့သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများ အားလုံး ပူးပေါင်း ဝိုင်းဝန်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က စိုက်ပျိုးမည့် တမာပျိုးပင်များအား ဖြန့်ဝေပေးအပ်ရာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က လက်ခံရယူကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက စံပြတမာစိုက်ခင်း ၂၅ ဧကတွင် အမြင့်သုံးပေနှင့် အထက်ရှိသော သက်တမ်းရင့် တမာသစ်မျိုး ၁၅၀၀ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုအခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့အားပေးခဲ့သည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဝင်းက စံပြတမာစိုက်ခင်း(၁၀၀)ဧက လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ လုပ်ငန်းလိုအပ်ချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။