မကွေး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အတူ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ မိုးနှောင်း ချဉ်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်မှု အခြေအနေနှင့် သန်းကုန်းကျေးရွာ မိုးစပါး(၁၀)ဧက စံပြကွက် မိုးစပါးစိုက်ပျိုး ထုတ်လုပ်သည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲသည် မြေပြင်သာကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၂၉)၊ ဦးပိုင်အမှတ်(၃၇)တောင်သူ ဦးမြင့်စိုး၏ မိုးနှောင်းချဉ်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ မိုးစပါးနှင့် မိုးနှောင်း ချဉ်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား စိုက်ပျိုးရေးဦးစီဌာန မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံအရည်အသွေး ကောင်းမွန်ပြီး အထွက် နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရေးဆိုင်ရာများနှင့် သီးနှံများ စိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့်များကို သေခြာစိစစ် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍လည်း တောင်သူ အသိပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ(၇၀)ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးလက်နေ ပြည်သူများဖြစ်တာကြောင့် တောင်သူများ လူနေမှုဘဝမြင့်မားစေရေးနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စိုက်ရေး ပျိုးရေး ဆိုင်ရာများနှင့် ပတ်သက်၍ အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဝါစိုက်ဧရိယာ လျာထားချက် ပြည့်မီရေး၊ ဝါ(၁)ဧက အထွက်နှုန်း လျာထားချက်ပြည့်မီရေးနှင့် ဝါအရည်အသွေးကောင်း ထုတ်ကုန်များရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေ ပြည်သူများ၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ အောင်မြင်ဖြစ်ထွန်းရန် အဓိက လိုအပ်ပါကြောင်း၊ မိုးရာသီမှာ စပါး၊ မိုးနှမ်းနှင့် ဝါသီးနှံများ၊ ဆောင်းသီးနှံရာသီမှာ ကုလားပဲ၊ မတ်ပဲသီးနှံများနှင့် နွေရာသီမှာ စပါး၊ ပဲတီစိမ်း နှမ်းတို့ကို(၁)နှစ်လျှင်(၃)သီး စိုက်ပျိုးလာနိုင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားလာကာ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု နှိုင်းယှဉ်ပါက အကျိုးအမြတ်များပြားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နေကြာစိုက်ပျိုးမည့် တောင်သူများအား ဆင်းရွှေကြာ(၂) နေကြာမျိုးများ ထောက်ပံ့ပေးခဲ့ပြီး စိုက်ပျိုးထားသည့် မိုနှောင်း ချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)မျိုးစေ့ထုတ်(၁၀)ဧက စံပြကွက်စိုက်ခင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။