မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်းမှု ကြည့်ရှုစစ်ဆေး

မကွေး နိုဝင်ဘာ ၂၀

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် အသားတိုးကြက် စီးပွားဖြစ် မွေးမြူရေးခြံလုပ်ငန်းများနှင့် အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်းတို့ကို ဖော်ဆောင် စိုက်ပျိုး ထားရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများလိုက်ပါကာ နိုင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက သွားရောက် ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူး(စကု) မြို့နယ် ကုန်းသာ-တောင်မန်းလမ်းဘေးရှိ မွေးမြူရေးခြံပိုင်ရှင် ဦးဝင်းငြိမ်းသူ၏ အသားတိုးကြက် မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားတိုးကြက်များ မွေးမြူထားရှိမှု၊ အသားတိုးကြက် မွေးမြူရေးခြံ အတွင်း လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် အသားတိုးကြက် စီးပွားဖြစ်မွေးမြူရေးခြံ လုပ်ငန်းမှထွက်ရှိသည့် ကြက်များအား ဒေသတွင်းဈေးကွက်သို့ တင်ပို့ဖြန့်ဖြူး ရောင်ချနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး၊ တာဝန်ရှိသူများနှင့် မွေးမြူခြံလုပ်ငန်းရှင်များမှ မြို့နယ်အတွင်း ဥစားကြက် မွေးမြူရေးခြံ (၃)ခြံနှင့် အသာတိုးကြက် စီးပွားဖြစ်မွေးမြူရေးခြံ (၆၅)ခြံ ဆောင်ရွက်ထား ရှိမှုများနှင့် ခေတ်မီအကြီးစား အသားတိုးကြက် စီးပွားဖြစ်မွေးမြူခြံလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် မည့်လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုင်းတောလေးကျေးရွာ အရှေ့ ကွင်းရှိ ကွင်းအမှတ်(၁၂၈၄)တွင် မြို့နယ်အတွင်း၌ ပထမဆုံး ဖော်ဆောင်ထားသော တောင်သူ ဒေါ်သန်းသန်းဌေး၏ အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်း ၁၃ ဒသမ ၇၃ ဧကအတွင်း ယခုနှစ် စိုက်ပျိုးရာသီ မိုးစပါး စံပြစိုက်ခင်းအဖြစ် ဧရာမင်း စပါးမျိုးများကို မြေအောက်ရေရရှိရေး နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်းများ တူးဖော်၍ ရေသွင်းစနစ်ဖြင့် စိုက်ပျိုုးထားရှိမှုနှင့် စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်ပြီး ရှင်းလင်းဆောင်တွင် ဆင်ခေါင်း၊ ကိုင်းတောကြီးနှင့် ကိုင်းတောလေးကျေးရွာ တို့မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးကြရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ သီးနှံများကိုလည်း စတင်စိုက်ပျိုးပြီးချိန်မှစ၍ အပင်ဖြစ်ထွန်းမှု အဆင့်ဆင့်အလိုက် လိုအပ်သော ပြုပြင်မှုများကို ဆောင်ရွက်နိုင်မှသာ နည်းနစ်မှန်ကန်ပြီး သီးနှံအရည်အသွေးကောင်းမွန်ကာ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ယခုလို အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက လိုအပ်သော နည်းပညာများနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယာမြေများကို ရိုးရိုးသာမာန်(ပုံမှန်)အတိုင်း စိုက်ပျိုး ခြင်းထက် ယခုလို အဆင့်မြင့်လယ်ယာမြေအဖြစ် ပြောင်းလဲပုံဖော်ပြီး စိုက်ပျိုးဆောင်ရွက်ပါက မိုးစပါးစိုက်ခင်းများအပြင် အခြားသီးနှံမျိုးစုံကိုလည်း နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်မည် ဖြစ်ကာ ဒေသခံတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း