မကွေး ဧပြီ ၆
နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက်များကို အကျိုးရှိရှိ ကောင်းစွာအသုံးချခြင်းဖြင့် အသိလိမ္မာတိုးပွားစေပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး မိမိတို့စိတ်ပါဝင်စားသော သင်တန်းများကို တက်ရောက်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ဗဟုသုတများ အတွေးအခေါ်ကောင်းများ ပေါ်ထွန်းလာစေရန်၊ သင်တန်းမှရရှိသည့် ဗဟုသုတနှင့် အတတ်ပညာများကို အခြေခံပြီး မိမိတို့ရဲ့အနာဂတ်ဘဝကို ကောင်းမွန်စွာ တည်ဆောက် တတ်စေရန်နှင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ နွေရာသီသင်တန်းများစွာ ဖွင့်လှစ်လျက်ရှိရာ ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယော တီးခတ်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၄ ရက်နေ့က မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပသည်။
အဆိုပါ တယောတီးခတ်မှုသင်တန်းဖွင့် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် ဇနီး၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တယောတီးခတ်မှုနည်းပြနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တယော(violin)ဆိုတာ သစ်သားဖြင့် လုပ်ထားတဲ့ ကြိုးတပ်တူရိယာတစ်မျိုးဖြစ်ပြီး တစ်ခါတစ်ရံ ၎င်းကို (Fiddle)လို့ လူသိများပြီး၊ သမိုင်း မှတ်တမ်းများအရ အစောဆုံးတယောတီထွင်သူများမှာ အီတလီ လူမျိုးဖြစ်ကြသော Andre Amati နဲ့ Gasparo di Bertolotti တို့ဖြစ်ပြီး၊ ၁၅၆၅ ခုနှစ်မှာ Andre Amati ပြုလုပ်တဲ့တယောက ခုချိန်ထိ ကမ္ဘာ့သက်တမ်းအကြာဆုံး တယောအဖြစ် တည်ရှိ နေသေးတယ်လို့သိရကြောင်း၊ ၁၆ ရာစုအလယ် ခန့်က အီတလီမှာ တယောကို စတင်သတိထားမိလာကြပြီး ၁၈ရာစုနဲ့ ၁၉ရာစုမှာ မူရင်းတယောများ ကို ပိုမိုကောင်းမွန်သည့် တယောများအဖြစ် မွမ်းမံလာခဲ့ကြကြောင်း၊ တယောကို ဂီတတူရိယာများရဲ့ ဘုရင်မ(Queen of musicalinstruments) လို့ ဂီတပညာရှင်များက သတ်မှတ်ထားကြကြောင်း၊ တယောအမျိုးအစားကို အကြမ်းအားဖြင့် လေးမျိုးသတ်မှတ်ထားပြီး Violin, Viola, Cello(ချယ်လို) နဲ့ Double bass တို့ဖြစ်ကြောင်း၊ တယောဟာ သံစဉ်အမျိုးမျိုးကို ဖန်တီးနိုင်ပြီး၊ စမ်းရေစီးသံ၊ လေပြေ လေညှင်းတိုက်ခတ်သံကအစ မုန်တိုင်းတိုက်ခတ်သံအထိ သံစဉ်များစွာ တီးခတ်နိုင်ပြီး နားသောတ ဆင်သူများရဲ့ နှလုံးဘဝင်ကို ခံစားမှုရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့ မှော်ဆန်တဲ့ဂီတတူရိယာ တစ်မျိုး ဖြစ်ကာ၊ တီးခတ်သူပညာရှင်ရဲ့ ဖန်တီးမှုစိတ်ကူးကောင်းရင် ကောင်းသလောက် ဆွဲဆောင်နိုင်စွမ်း ရှိတဲ့ တူရိယာပစ္စည်းဖြစ်ပါကြောင်းနှင့် အခုနွေရာသီ တယောသင်တန်းကို တက်ရောက်ကြမယ့် တယောသင်တန်းသား၊ သင်တန်းသူများအနေနဲ့ သင်တန်းဆရာ ပို့ချသင်ကြားပေးတဲ့ စာတွေ့ လက်တွေ့ သင်ခန်းစာများနဲ့ ဂီတသင်္ကေတများကို ကျေညက်အောင် အထပ်ထပ် အခါခါ ကြိုးစား လေ့ကျင့်ပြီး ကမ္ဘာသုံး သင်္ကေတများနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာ တယောသင်တန်းတွင် သင်ကြားပြသမည့် တယောနည်းပြများက တယောတီးခတ်၍ သရုပ်ပြသခဲ့သည်။ ၂၀၂၅ ခုနှစ်၊ နွေရာသီသင်တန်းများစွာ ဖွင့်လှစ်ခဲ့သည့်အနက် အခြေခံတယောသင်တန်းကို(၃-၄-၂၀၂၅)ရက်နေ့မှ(၁၁-၄-၂၀၂၅)ရက်နေ့အထိ မကွေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးဖြင့် ဖွင့်လှစ်သင်ကြား၏ ပေးမည်ဖြစ်ပြီး၊ မကွေးမြို့တွင် နွေရာသီ လူငယ်ရေးရာ သင်တန်းများဖြစ်သော ကင်းထောက်၊ ယဉ်ကျေးလိမ္မာ၊ ကြက်ခြေနီ၊ ကွန်ပျူတာ၊ ပန်းချီ၊ အခမ်းအနားမှူး၊ အားကစားနည်း၊ ပန်းဖွား၊ ဘင်ခရာ၊ ကဗျာလွတ် အစရှိသည့် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၇၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။