မကွေး မေ ၅
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားကို မေလ ၅ ရက် ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့သောပြင်းအား ၇.၇ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ်(၁)မိနစ် ငြိမ်သက်၍ ဦးညွတ်ဂါဝရပြုခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ဒီနေ့ဟာ တိုင်းရင်းသားမိဘ ပြည်သူများရဲ့ အသက်အိုးအိမ်၊ ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နဲ့ အခြားသော ဘေးအန္တရာယ် အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီး မားစွာရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့(၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ပဲဖြစ် ကြောင်း၊ မီးသတ်တပ်ဖွဲ့ရဲ့ သမိုင်းကို ပြန်ကြည့်ရင် အနော်ရထာ မင်းစောလက်ထက် ခရစ်နှစ်(၁ဝ၄၄) ခုနှစ်ကတည်းက မီးသတ်တပ်ဖွဲ့တွေ ဖွဲ့စည်းလာခဲ့တာဖြစ်လို့ နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့တာကို ဂုဏ်ယူ ဖွယ်ရာတွေ့ရမှာဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့မှာတော့ ရန်ကုန်မြို့၊ ကန်တော် ကလေးမှာရှိတဲ့ အမျိုးသမီးကျောင်းမှာ ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်း အရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပြီး အဲဒီညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ အဲဒီလို မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့တဲ့ မေလ ၅ ရက်နေ့ကို အစွဲပြုပြီး “မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့”ကို ကျင်းပလာခဲ့တာ ယနေ့ဆိုရင် (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့အတူ နိုင်ငံအလိုက် လူဦးရေ တိုးပွား လာမှုများနဲ့ စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မီးလောင်မှုဖြစ်စဉ်တွေ များလာတာ တွေ့ရပြီး၊ မြန်မာနိုင်ငံ မှာ ၂ဝ၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု အကြိမ် (၁၈၀၀၀)ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးငွေကျပ် (၁၉၂)ဘီလီယံကျော်ခန့် ရှိကာ၊ မကွေးတိုင်းဒေသကြီးမှာ ၂ဝ၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု အကြိမ်(၁၅၉ဝ)ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးငွေကျပ် (၄)ဘီလီယံကျော်ခန့် ရှိခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နည်းစနစ် မှန်ကန်စွာ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့အလုပ်တွင် ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အပြင် နိုင်ငံတော်၏ တိုးတက်ပြောင်းလဲ လာသည့် အခြေအနေများနှင့် အညီ အနာဂတ် စိန်ခေါ်မှုများအား ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းနိုင်ရန်၊ လက်ရှိအခြေအနေနှင့် အနာဂတ် ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍန်ရော အနှစ်သာရပိုင်းမှာပါ ပြုပြင်ပြောင်းလဲနိုင်ရန် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့အား Men Power၊ Equipment Power နှင့် Technological Power များဖြင့် ဟန်ချက်ညီအောင် တည်ဆောက်သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ မီးလောင်မှုအကြိမ်ဟာလည်း တိုးလာနိုင်တာဖြစ်လို့ မီးလောင်မှု အကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စိမ့်ဝင်ပျံ့နှံ့စေရေး ရေဒီယို၊ ရုပ်မြင် သံကြားတို့မှ လှုံ့ဆော် ပညာပေးမှု အစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေးစာတမ်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့ပေါ်တွင်သာမက ကျေးလက် ဒေသများအထိ ကွင်းဆင်း၍ မီးဘေးအန္တရာယ်၏ ဆိုးကျိုးများ၊ ဖြစ်ပေါ် လာနိုင်သည့်အကျိုးဆက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အတွက် မီးလောင်မှု မှတ်တမ်းများအား ဓာတ်ပုံများ၊ ဗီဒီယိုများ၊ ရုပ်မြင်သံကြားစက်များဖြင့် အသိပညာပေးပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆော်ဩသတိပေးခြင်း၊ ဟောပြော ပို့ချသရုပ်ပြသခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေကြဖို့ လိုပါကြောင်း၊ မီးသတ်သမားများသည် ဘေးဒုက္ခ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းအား မိမိတို့ အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရသဖြင့် တာဝန်ထမ်း ဆောင်ရင်း ထိခိုက်ဒဏ်ရာရသူ၊ အသက်ပေးသွားသူ တပ်ဖွဲ့ဝင်များအား အလေးပြုဦးညွတ်၍ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများအား အနိုင်ယူကြပါလို့ ဂုဏ်ပြုပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းမှ "စံပြ" မီးသတ်စခန်းဆု၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနတွင်းသင်တန်းတွင် ထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ် ကျင့်ဝတ် ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့က အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ (၇၉)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။