မကွေး ဇွန် ၂၈
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်း ခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲများကို ဆောင်ရွက်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်က မကွေးတက္ကသိုလ် အရှေ့ဘက်၊ အောင်စေ တနာရပ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရား သူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ အသင်းအဖွဲ့များ၊ မကွေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာ တွင်၂၀၂၅ ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာ လှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနဲ့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူများက နိုးကြားတက်ကြွ စွာပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေးစတဲ့ ရည်ရွယ်ချက်များအပြင် လာမည့် ဇူလိုင်လ(၃) ရက် နေ့မှာကျရောက်မယ့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုလို စိုက်ပျိုး ပွဲတော်ကို ထပ်မံကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက် များကြောင့် ထိခိုက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေပြီး၊ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် ချောက်မြို့၊ မင်းဘူးမြို့ ၊ ညောင်ဦးမြို့နဲ့ စစ်ကိုင်းမြို့များ ဟာကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ ပါဝင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ နွေရာသီမှာ အယ်နီညို ဖြစ်စဉ်ကြုံတွေ့ခဲ့ရသလို၊ စက်တင်ဘာလမှာရာဂီမုန်တိုင်းရဲ့ အကျိုးဆက် ရေကြီးရေလျှံမှု၊ မြေပြို တိုက်စားမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီး များက မြို့၊ ရွာများနဲ့ ပြည်သူများ အပေါ် ထိခိုက်မှုများရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့၊ အင်အားပြင်းမန္တလေး ငလျင်ကြီးကြောင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ ထိခိုက်မှုများလည်း ကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိ ကြပြီးဖြစ်ပါကြောင်း၊ သစ်တောများဟာ ဂေဟစနစ်များအားလုံးရဲ့ ဗဟိုချက်အဖြစ် ထိန်းညှိဆောင်ရွက် ပေးလျက်ရှိတဲ့အတွက် ကုလသမဂ္ဂမှ သက်မှတ်ထားတဲ့ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်စေရေးကိုများစွာ အထောက်အကူပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ရေ၊ မြေ၊ တောတောင်၊ သဘာဝသယံဇာတများနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ သစ်တောဖုံးလွှမ်းမှုဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံလည်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်ပဏာမအစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှု ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ကို စစ်တမ်း ကောက်ယူရရှိခဲ့ပြီး နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု တိုးပွား လာစေဖို့အတွက် နိုင်ငံဧရိယာရဲ့ ၅၀ ရာခိုင်နှုန်း ကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေများအဖြစ်ဖွဲ့စည်းသွားဖို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့်လည်း ၂၀၂၅ ခုနှစ် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ခြင်းများအပါအဝင် နိုင်ငံပိုင်သစ်တော စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊တစ်ရွာ (၂)ဧက စိုက်ခင်းများ၊ ဘက်စုံသုံး စိုက်ခင်းများ၊ လမ်းဘေးဝဲ/ယာ စိုက်ခင်းများ၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ လူထုဖြန့် ပျိုးပင် ဖြန့်ဝေပေးခြင်းတို့အတွက် ပျိုးပင်စုစုပေါင်း(၂၅)သိန်းကျော်ကို ယခုနှစ် ဇွန်လတွင် လျာထားချက် အားလုံးစိုက်ပျိုးထားရှိပြီး ဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များ ရာနှုန်းပြည့်အောင်မြင်ရှင်သန်ရေး အတွက် ပေါင်းသင်ရှင်းလင်းခြင်း၊သေပင်ဖာထေးခြင်းနဲ့ အဖျက်အဆီး များမှ ကာကွယ်ခြင်းကဲ့သို့ လိုအပ်တဲ့ ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ မှာကြား လိုပါကြောင်း၊ နိုင်ငံရဲ့သဘာဝ အရင်းအနှီးသစ်ပင်သစ်တောတွေကို ပြုစုထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များရရှိ စေမှာဖြစ်ပြီး၊ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနဲ့ သဘာဝဘေး အန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် သိသိသာသာ အကျိုးသက်ရောက်မှုရှိစေတဲ့ သစ်တော သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က စိုက်ပျိုးမည့် ပျိုးပင်များကို အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူ များ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများထံ အသီးသီး ပေးအပ်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀) ဦးဖြင့် တမာ(၂၀၀)ပင်၊ ခရေ(၂၀၀)ပင်၊ ပန်းမယ်ဇလီ(၁၀၀)ပင်၊ ဆီသပြေ(၅၅)ပင်၊ စိန်တံချူ(၁၂၅)ပင်၊ ကုလားကုက္ကိုလ်(၉၀)ပင်၊ မယ်ဇယ်(၈၅)ပင်၊ မယ်ဇလီ(၁၁၅) ပင်၊ ရေတမာ(၁၃၀)ပင်၊ ဖျောက်ဆိပ်(၁၀၀)ပင်၊ စုစုပေါင်း (၁၂၀၀)ပင်တို့ကို ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန် ရည်ရွယ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အဆိုပါ ဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။