မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁၀

          မကွေတိုင်းဒေသကြီး၊ မကွေးမြို့နယ် သင်္ဘောဆိပ်ကျေးရွာတွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၀ ရက် ယနေ့နံနက် ၈ နာရီက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်လေ့ကျင့်သည့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့အချိန်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခံစားနေရတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ သဘာဝဘေးတွေကတော့ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးနဲ့ မိုးခေါင်ရေရှားဘေးတွေ ဖြစ်ပါကြောင်း၊ ဘေးတစ်မျိုးစီမှာကြီးမားတဲ့ အဖျက်စွမ်းအား ရှိတာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းဘေးနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ မှာဖြစ်ပွားခဲ့တဲ့ မြေငလျင်ဘေးကြီး စတာတွေ ကိုကြည့်ရင် သိနိုင်ကြောင်း၊ ရေဘေးနဲ့ လေဘေး တွေကတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ နှစ်စဉ် ကြုံတွေ့နေရတာ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေနဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းရာက ဖြစ်ပွားခဲ့တဲ့ လျှပ်တပြက်ရေဘေးကြောင့် လူ(၁၆၁)ဦး သေဆုံးခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် မြို့နယ်(၁၄) မြို့နယ်မှာ လူဦးရေ (၅)သောင်းကျော် ရေဘေးရှောင် ပြောင်းရွှေ့ခဲ့ရကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ဘေးတွေလည်းရှိပြီး ရေဘေးအန္တရာယ်အနေနဲ့ လျှပ်တပြက် ရေဘေးက ခန့်မှန်းဖို့ခက်ခဲပေမဲ့ မြစ်၊ ချောင်းတွေရေကြီး ရေလျှံမှုကြောင့်ဖြစ်တဲ့ ရေဘေးကတော့ ကြိုတင် သိရှိနိုင်တာဖြစ်ပါကြောင်း၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်တွေကို ကြိုတင်အသိပေး ကြေညာပေးနေသလို သက်ဆိုင်ရာဌာနတွေကလည်း ကြိုတင်သတိပေး နှိုးဆော်တာတွေကို ဆောင်ရွက်နေတာရှိပါကြောင်း၊ ဒီလိုကြိုတင်သိရှိနိုင်တဲ့အတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အသီးသီးအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်အလိုက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ခြင်း၊ ပြည်သူတွေအနေနဲ့ သဘာဝဘေး အသိပညာပေးတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သိရှိလိုက်နာခြင်းအားဖြင့် အသက်၊ အိုးအိမ် စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာ စေမှာ ဖြစ်ပါကြောင်း၊ သဘာဝဘေး လျော့ပါးရေး အတွက် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ရာမှာ ပြည်သူလူထုထံသို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာများ ဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခြင်းတို့မှာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်သလို၊ ဒီလိုဆောင်ရွက်ရာမှာလည်း တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ဖြင့် ဆောင်ရွက်လို့မရဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းမှုဖြင့်ဆောင်ရွက်မှသာ မိမိတို့ပြည်သူ လူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ မိမိတို့ရပ်ရွာကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်တဲ့အတွက် ယခုလို လက်တွေ့ ပူးပေါင်းလေ့ကျင့် ခြင်းအားဖြင့် အမှန်တကယ် ဘေးအန္တရာယ်ကိုရင်ဆိုင်တွေ့ ကြုံရတဲ့အခါ လုပ်ငန်းအဖွဲ့များ အနေဖြင့် မိမိတို့ကဏ္ဍ အလိုက် ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး အခက်အခဲမရှိ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရာ တိုင်းဒေသကြီးသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ပူး‌ ပေါင်းအဖွဲ့များဖြစ်‌သော လုပ်ငန်းအဖွဲ့ အသီးသီးနှင့် အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လိုက်လံသတိပေး နှိုးဆာ်ခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကိုအချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင် ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်‌ရေး အထောက်အကူပြု ပစ္စည်းများ ဖြင့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် ရွာသူ၊ ရွာသားများအား ရှာဖွေကယ်ဆယ်ခြင်း၊ ကျေးရွာရှိ ထိခိုက်လွယ် သော သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် ဘေးလွတ်ရာသို့‌ ရွှေ့ပြောင်းခြင်း၊ လှေတိမ်း မှောက်ပြီးရေနစ်သူ နှစ်ဦးအား ကြက်ခြေနီအဖွဲ့က ရှေးဦးသူနာပြုစုခြင်းဖြင့် အသက်ကယ် ဆောင်ရွက်ပြီး လူနာနှစ်ဦးအား မိုစိတ်ချရသည် ဆေးရုံသို့ပို့ဆောင်ခြင်းများ၊ အသက်ကယ်အင်္ကျီ ဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာ အရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန်ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးကာ၊ ကျေးရွာသူ/ကျေးရွာသားများအား အချိုရည်၊ မုန့်၊ စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း