မကွေး နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ ၊ စေတနာအလှူရှင်များ၏ (၃၈) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက် ၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာအလှူရှင်များ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ သံဃာရာမကျောင်းတိုက် ပဓာနနာယက ၊ နိုင်ငံတော် ဩဝါဒစရိယ ဘဒ္ဒန္တစိန္တာသာရ(အဘိဓဇမဟာ ရဌဂုရု) ထံမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက် တည်ကာ သံဃာတော်အရှင်သူမြတ်များတို့ထံမှ ပရိတ်တရားတော်များကို နာယူ ကြည်ညိုခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိ အကြီးအကဲ များက သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်း ၊ ကထိန်အခြံအရံ ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မကွေူမြို့၊ ပညာစက္ကရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတ နှင့် ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂဓမ္မတို့က ကထိန် အမေး/ အဖြေ ဆောင်ရွက်တော်မူသည်။
ဆက်လက်ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ ၊ စေတနာအလှူရှင်များ စုပေါင်းပြီး ကထိန်လျာ သင်္ကန်း ၊ ကထိန်အခြံအရံငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပွဲကို နှစ်စဉ် အစဉ်အလာမပျက် ဆင်နွှဲ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် (၃၈)ကြိမ် မြောက်ရှိပြီဖြစ်ကာ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပစ္စည်းတန်ဖိုးနှင့် အလှူငွေ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၀၈၁,၈၅,၅၀၀/ိ-) (တစ်ထောင့်ရှစ်ဆယ့်တစ်သိန်း ရှစ်သောင်း ငါးထောင် ငါးရာကျပ် တိတိ/-) ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရရှိသည်။






