မကွေး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၆ ရက်နေ့က မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာအုပ်စု ပဌနဂိုရ်ကျေးရွာဓမ္မာရုံ၌ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင် နေမှုအား ကြည့်ရှု အားပေးကာ၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြိုနယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့(ခွဲ)တာဝန်ရှိသူများက ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)စက်အား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲစည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲ နေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တိုကို ရှင်းလင်း ပြောကြားဆောင်ရွက်နေမှု၊ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက် နေမှုနှင့် မဲပေးစက် Printer မှ ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် မှန် ၊ မမှန် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ လက်မှတ်များ စိစစ်၍ မဲရလဒ် ထုတ်ပြန်ခြင်းများ သရုပ်ပြသ ဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသတွင်း စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေးအတွက် မကွေးမြို့နယ် ပဌနဂိုရ် ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးရွာနေ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေဖို့အတွက် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးတတ်စေရန် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး အခြေခံသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်နှင့်အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရန်နှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲ သီးနှံများထက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှသာ သီးနှံပေါ်ချိန် သီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်း ချချိန် ဈေးကောင်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင် ဆောင်ရွက်ပေးနေသလို ကျေးရွာပြည်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာနနှင့် ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန် ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်း လာကာ ရပ်ရွာတိုးတက်လာမည်ဖြစ်ကြောင်းနှင့် တောင်သူ များအား ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် စိုက်ပျိုး ရေး အသိပညာပေးဆိုင်ရာများကို နည်းပေးလမ်းပြ ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာသော ပဌနဂိုရ်ကျေးရွာနှင့် အုပ်စုအတွင်း ကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်ကုန်ထုန်လမ်း များ တိုးချဲ့ပြုပြင် ဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းအဆင့်တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင်၊ မကွေးမြို့ နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာ၏ တောင်ဘက်(၁)ဖာလုံခန့်အကွာ၊ ဧရာဝတီ မြစ် အရှေ့ဘက်ကမ်းအနီး ကွေ့ချောင်းခံတပ်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ရှေးဟောင်းအမွေ အနှစ်များ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားရှိနိုင်ရေးနှင့် ကွေ့ချောင်းခံတပ်သို့ ခရီသွား ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် မကွေး-တောင်တွင်းကြီး ကားလမ်းမကြီးမှ ကွေးချောင်း အဝင်လမ်းအား ပြင်ဆင်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွေ့ချောင်းခံတပ်ကို ၁၂၂၂-၁၂၂၃ ခုနှစ်တွင် ပြင်သစ်နှင့် အီတလီ ပညာရှင်များ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအောက် ပိုင်းကို အောင်လံအထိ ကျူးကျော်စစ် (၂)ကြိမ်တိုင်တိုင်ဆင်နွှဲ၍ သိမ်းပိုက်သွားခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာတို့သည် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ဝင်ရောက်ကျူးကျော်မှုမှ ပြန်လည် ခုခံကာကွယ် နိုင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ခံတပ်ကြီးများကို တည်ဆောက် ခဲ့ရာ ကွေ့ချောင်း ခံတပ်၊ မင်းလှခံတပ်၊ သပြေတန်းခံတပ်၊ ဆင်ကျုံးခံတပ်နှင့် အစေခံခံတပ်တို့မှာ ထင်ရှားသော ခံတပ်ကြီးများဖြစ်ကြောင်း၊ ကွေ့ချောင်းခံတပ်ကို ပြင်သစ်နှင့် အီတလီ အင်ဂျင်နီယာ ပညာရှင်များ ဖြစ်သည့် ကိုမိုတိုပယ်ရီ နှင့် မိုလီနာရီ တို့ဖြင့်ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ကွေ့ချောင်းခံ တပ်သည် မင်းလှခံတပ်နှင့် ဓားလွှဲခုတ်အနေအထားတွင် တည်ရှိပြီး မင်းလှခံတပ်သည် မြေပြင်ပေါ်တွင် တည်ဆောက်ထား၍ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိကာ၊ ကွေ့ချောင်းခံတပ်သည် ဧရာဝတီမြစ်ကို အပေါ်စီးမှ မြင်နေရ၍ မြစ်ကြောင်းအတွင်း မောင်းနှင် လာသော စစ်သင်္ဘောများကို အပေါ်စီးမှ နေရာယူ၍ တိုက်ခိုက်နိုင်ကြောင်း၊ ကွေ့ချောင်းရွာအနီး တည်ရှိခြင်းကို အစွဲပြု၍ " ကွေ့ချောင်းခံတပ်" ဟူ၍ လည်းကောင်း၊ ခံတပ်၏တောင်ဘက်(၃)မိုင် အကွာတွင် တည်ရှိသော ပတ္တနဂိုလ်ကို အစွဲပြု၍ “ပတ္တနဂိုလ်ခံတပ်” ဟူ၍ လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြကြောင်း မှတ်တမ်းများအရ သိရသည်။








