မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည် အသင်းသားစုံညီနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည် အသင်းသားစုံညီနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး နိုဝင်ဘာ ၉

          မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်း သားစုံညီနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ ထိန်ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မကွေးတိုင်းအတွင်းရှိ ဆောက်လုပ်ရေးဆိုင်ရာအသင်းမှ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဆိုတာ တည်ဆောက်ရေးလုပ်တဲ့ ကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးပစ္စည်း ရောင်းချတဲ့ဆိုင်တွေ၊ အုတ်၊ သဲ၊ ကျောက် ရောင်းချတဲ့သူများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့ ပန်းရံ၊ လက်သမား၊ ချီကွေး စတဲ့ အခြေခံ လုပ်သားများပါဝင်တဲ့ အလွန်ကျယ်ပြန့်တဲ့ အဖွဲ့အစည်းလို့လည်း သိရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ရဲ့ အဓိကအချက်ထဲက တစ်ခုက မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းက လည်း တစ်ခုဖြစ်ကြောင်း၊ တည်ဆောက်တဲ့နေရာမှာ အရည်အသွေး ပြည့်ဝဖို့ အထူးလိုအပ်သလို သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ ငလျင်ဘေး၊ ရေဘေး၊ လေဘေး၊ မီးဘေးမှစ၍ သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ကျရောက်တတ်တဲ့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း များမှာ အရည်အသွေး ပြည့်မီဖို့နှင့် ရရှိတဲ့တန်ကြေးနဲ့ ထိုက်တန်ဖို့အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ပြီး ယုံကြည် စိတ်ချနိုင်ရေးအတွက် ကြီးကြပ်နိုင်ရန် ဒီလိုအသင်းမျိုးရှိဖို့ လိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းနှင့် ဒေသအတွင်း၌ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိခြင်း၊ အသင်းသားများ၏ အခက်အခဲများ ဖြေရှင်းခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရန် သင်တန်းများပေးပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်ရေးအတွက် လုပ်ဆောင်ပေးရန် လိုအပ်ပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့စဉ်ကလည်း အသင်းအနေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့တာကို တွေ့ရှိခဲ့ရကြောင်း၊ ဒီလိုအသင်းအဖွဲ့မျိုး တိုးတက်စေဖို့အတွက်လည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေနေရာရရှိရန်အတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒါ့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တည်ဆောက် ရေးလုပ်ငန်းမှာလည်း ဒေသခံကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မကွေးတိုင်းဆောက်လုပ်ရေးဆိုင်ရာ အသင်းဝင်များရဲ့ ရမှတ်လည်း ထည့်သွင်းပေးရန် မူဝါဒချမှတ် ပေးပြီးလည်းဖြစ်ပါကြောင်း၊ ဆောက်လုပ် ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အညီ အလုပ်အကိုင် အခွင့်အလမ်းသစ်များ များစွာပေါ်ပေါက်လာ နိုင်ကြောင်း၊ MRCEA (မကွေး)အသင်းသူ အသင်းသား များအနေဖြင့် သင်းဖွဲ့စည်းမျဉ်း စည်းကမ်းများ၊ တည်ဆဲဥပဒေများနဲ့ အညီ ဆောင်ရွက်သင့်ကြောင်းနှင့် နောက်နောင် စီမံကိန်းများလည်း အသင်းသား အားလုံး စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်နှင့် မကွေးတိုင်းဒေသကြီး ကောင်းကျိုးဖြစ်ထွန်းစေရန် MRCEA (မကွေး) အသင်း အနေနဲ့ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ရန် ပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ ဉာဏ်သစ်လှိုင်မှ မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးမှ အသင်းချုပ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မကွေးတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌမှ အသင်း အခြေအနေ ရှင်းလင်းတင်ပြခြင်း၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပကာ၊ ရွေးကောက် တင်မြှောက်ခံ ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ခြင်းနှင့် အသင်းသားများ အထွေထွေ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း