မကွေး နိုဝင်ဘာ ၁၀
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ရေတွင်းကုန်းကျေးရွာ၊ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲ အခမ်းအနားများကို နိုဝင်ဘာလ ၁၀ ရက် ယနေ့နံနက် ၉ နာရီက အဆိုပါမုခ်ဦးရှေ့များ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲဝင်ဝန်ကြီးများက (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့နယ် ရေတွင်းကုန်း ကျေးရွာ၊ ဆားပွက်ချောင်း တံတား ချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက် လမ်းတို့အား မုခ်ဦးရှေ့ များတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်ခဲ့သည့် ဘင်ခရာအဖွဲ့နှင့် အိုးစည် ဒိုးပတ် အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း ယာယီမဏ္ဍပ်တွင် ဖွင့်ပွဲအခမ်း အနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ရေတွင်းကုန်း ကျေးရွာ ၊ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း- ဆင်လမ်းကြီး ကျေးရွာချင်းဆက် လမ်းတို့ဟာဆိုရင် ရေတွင်းကုန်း နှင့် ဆင်လမ်းကြီးကျေးရွာသာမကဘဲ ပေါက်ပင်တွင်း၊ မုန်တောင်၊ ဓါတ်ကုန်း၊ ကျွန်းပြားကျေးရွာများပါ အသုံးပြုတဲ့လမ်းဖြစ်ပါကြောင်း၊ ဆားပွက်ချောင်းတံတား ချဉ်းကပ် လမ်းဟာ (၂၄.၉.၂၀၂၅) ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆားပွက်ချောင်း ရေလျှံခဲ့တဲ့အတွက် ချဉ်းကပ်လမ်းရဲ့ အပေါ်ယံမြေနီများ ရေတိုက်စားခြင်းခံရပြီး လမ်းချိုင့်ခွက်များ ဖြစ်ပေါ်ခြင်း အချို့လမ်း ပိုင်းများပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အတူ ရေတွင်းကုန်း-ဆင်လမ်းကြီး လမ်းဟာဆိုလဲ ရေတိုက်စား၍ လမ်းချိုင့်ခွက်များဖြစ်ပေါ်ခြင်း လမ်းဘေးဝဲယာတွင် ချုံများထူထပ်နေပြီး ပြည်သူများ ဖြတ်သန်းသွားလာရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဒါကြောင့် (၉.၁၀.၂၀၂၄) ရက်နေ့ ရေတွင်းကုန်းကျေးရွာမှာ ပြုလုပ်တဲ့ တောင်သူများနှင့် တွေ့ဆုံပွဲမှာ ဒေသခံပြည်သူများမှ ဒီလမ်း(၂) လမ်းကို ပြုပြင်ပေးရန် တင်ပြခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ ကြစေရန် ဒီလမ်း(၂)လမ်းကို အမြန်ပြီးစီးအောင် မကွေးတိုင်းဒေသကြီးအစိုးရရဲ့ Quick Win အစီအစဉ်မှာ ထည့်သွင်းလျာထားပြီး ပြန်လည်ပြုပြင် ပေးခဲ့တာဖြစ်ပါကြောင်း၊ ယခုအချိန်မှာ နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူလူထုမှ တင်ပြတောင်းဆိုတဲ့ ကျေးလက်ရေရရှိရေးနှင့် လမ်း၊ တံတား လုပ်ငန်းများကို Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ မင်းဘူး မြို့နယ်အတွင်းမှာဆိုရင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ (၂၅.၉.၂၀၂၅) ရက်နေ့ ကံကုလား ကျေးရွာတွေ့ဆုံပွဲမှာ ပြည်သူများ တင်ပြတောင်းဆိုခဲ့တဲ့ ကျောက်စစ်ပုံ-ကံကုလား ကျေးရွာချင်းဆက် လမ်းမြေနီလမ်း(၂/၅)မိုင်၊ ကံကုလားကျေးရွာတွင်းလမ်း (ဝ/၃)မိုင် ကွန်ကရစ်လမ်း၊ ကျောက်စံ-ကံသစ်-ကံကုလား ကျေးရွာချင်း ဆက်လမ်း မြေနီလမ်း (၃/၂) မိုင်၊ မန်းကျိုး-ထုံးမကြီးလမ်း (ဝ/၀-ဝ/၂.၅)မိုင် အတွင်း မြေနီလမ်း (ဝ/၂.၅)မိုင်၊ မန်းကျိုး-ထုံးမကြီးလမ်း မိုင်တိုင် (ဝ/၂.၅-ဝ/၆.၇၄)မိုင်အတွင်း မြေနီလမ်း (ဝ/၄.၂၄)မိုင် စတဲ့လုပ်ငန်း(၅)ခုနဲ့ ယခုလမ်း(၂) လမ်းကို မကွေးတိုင်းဒေသကြီးအစိုးရရဲ့ Quick Win အစီအစဉ်မှာ ထည့်သွင်းလျာထားပြီး ရန်ပုံငွေကျပ်(၄၁၉.၃၇၅)သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ဖွင့်ပွဲကျင်းပတဲ့ လမ်းများ ကိုပြင်ဆင်ဆောင်ရွက် ပြီးစီးပြီဖြစ်တဲ့အတွက် ဖြတ်သန်းသွားလာ အသုံးပြု နေတဲ့ ကျေးရွာ(၆)ရွာတို့မှ စိုက်ပျိုးရေးသီးနှံထွက်ကုန်များအား မြို့ပေါ်ဈေး ကွက်များသို့ အချိန်တို အတွင်း ကုန်ကျစရိတ် သက်သာစွာနဲ့ ပို့ဆောင်နိုင်မှာလည်းဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနဟာ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီးရေရှည် တည်တံ့အောင် ဆောင်ရွက် ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နဲ့ လမ်းပန်း ဆက်သွယ်မှုတွေ ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာနှစ်မှာတော့ မကွေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ်(၈.၄၈၁)ဘီလီယံခန့် အသုံးပြုပြီး ကွန်ကရစ်လမ်း(၆)လမ်း၊ ကတ္တရာ လမ်း(၃)လမ်း၊ကျောက်ချော လမ်း(၄)လမ်း၊ ဂဝံ/မြေနီလမ်း(၁၆)လမ်း၊ လမ်းစုစုပေါင်း(၂၉)လမ်း၊ မိုင်ပေါင်း (၂၈/၄.၆၅) မိုင်နှင့် ကွန်ကရစ် တံတား(၈)စင်း၊ ရေကျော်(၁၂)စင်း၊ ရေမြုပ်တံတား(၂)စင်း၊ မြေကာနံရံ(၉)ခု ၊ Box Culvert (၁၂)စင်း ၊ စုစုပေါင်း(၄၃)စင်း ပေရှည်ပေါင်း (၃၃၆၈)ပေတို့ကို ဆောင်ရွက်ပေးနေတဲ့အတွက် လုပ်ငန်းအားလုံးပြီးစီးပြီဆိုရင် မိမိတို့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း(၂၉၃)ရွာ ကျေးလက်နေ အိမ်ထောင်စု(၅၂၄၀၉)စုနဲ့ ပြည်သူ(၂၀၉၆၂၃)ဦးခန့်ကို လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ များစွာအကျိုး ပြုနိုင်မှာဖြစ်ပါကြောင်း၊ ရေတွင်းကုန်းကျေးရွာ ၊ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်းပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် ဒေသခံ(၆)ရွာရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုမှာဖြစ်တဲ့အတွက် ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဒေသခံပြည်သူများ အနေဖြင့်လည်း ဝိုင်းဝန်း ကူညီ ထိန်းသိမ်းပေးကြရန် ပြောကြားသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်သူဦးက ရေတွင်းကုန်းကျေးရွာ၊ ဆားပွက် ချောင်းတံတား ချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း-ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း ဆောင်ရွက် ပေးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းဖြူကျေးရွာအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ချောင်းဖြူကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အနေနဲ့ ချောင်းရေ လမ်းကြောင်း အလျား (၂၀၀၀)ပေ ၊ ပျမ်းမျှအကျယ် (၁၀၀)ပေ ၊ အနက်(၈)ပေ တူးဖော်ပြီး ကျေးရွာ ဘက်ခြမ်း ကပ်စီးနေတဲ့ ချောင်းရေလမ်းကြောင်းကို ပြောင်းလဲပေးခြင်းဖြစ်ကြောင်း၊ ချောင်းလမ်း ကြောင်းတူးဖော်မှုအတွက် ကုန်ကျမယ့်ငွေကျပ်(၂၁၆.၀၀) သန်း ဖြစ်ပြီး၊ တူးဖော်လို့ ထွက်ရှိလာမဲ့ ချောင်းမြေတွေကိုလဲ ကျေးရွာအထက် ကမ်းပြိုသွားတဲ့ နေရာတွေမှာ ပြန်လည်ဖို့ပေးသွားမှာ ဖြစ်ကြောင်း၊ လျာထားရန်ပုံငွေ ကျပ်(၃၃၅.၀၀)သန်းထဲကနေ ကျန်ရှိတဲ့ငွေကျပ်(၁၁၉.၀၀)သန်းကို ချောင်းရေ မတော်တဆ လျှံတက် လာတဲ့အခါ ကျေးရွာအထက်ဘက် အကာအကွယ်ရရှိရေးအတွက် မျောရေကာ(၂)ချောင်း တည်ဆောက်ပေးကာ၊ ရေကာတာ တည်ဆောက်ဖို့အတွက် ပစ္စည်းနဲ့ လုပ်အားခပေါင်းရင် ရေကာ အလျား (၁၈၀)ပေ (၂)ချောင်းပဲရမှာ ဖြစ်ကြောင်း၊ ဒေသလုပ်အားပေးနဲ့ ပေါင်းစပ်ဆောင်ရွက်သွားမယ် ဆိုရင် ရေကာ အလျား(၃၀၀)ပေ (၁)ချောင်းနဲ့ (၂၅၀)ပေ(၁)ချောင်း တည်ဆောက် ပေးနိုင်မှာဖြစ်ပြီး၊ ဒေသအတွက် ရေကာအလျား စုစုပေါင်း (၁၉၀)ပေ ပိုလို့ရရှိ မှာဖြစ်တဲ့အတွက် ဒေသအတွက်လဲပိုပြီး အကျိုးရှိအောင် ကျေးရွာကလဲ မြတ်နိုးတန်ဖိုးထားနိုင်အောင် ချောင်းဖြူကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်မှာ ဒေသကနေ တတ်အားသ၍ ဝိုင်းဝန်းလုပ်အား ပေး ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထိုနောက် ချောင်းဖြူကျေးရွာ ရပ်မိရပ်ဖများမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အထွေထွေအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အမြန်ဆုံးပြန်လည်ပြီးစီး ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







