မကွေး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက် နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ အဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရာမှာ လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနဲ့ လူတိုင်း ရောဂါဘယ ကင်းရှင်းရေးတို့ကို ရည်မှန်းပြီး ဒီရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသမှုပေးခြင်းဆိုတဲ့ နည်းနာ (၃)ရပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းခန့်က ကျေးလက်မှာ နေထိုင်ကြတာဖြစ်ပြီး မြို့ပြနဲ့ အလှမ်းကွာဝေးမှုကြောင့် ဒီပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိစေနိုင်ရေးဟာ အရေးကြီးပြီး အဓိကကျတဲ့နေရာမှာ ရှိနေတာဖြစ်ပါကြောင်း၊ မောင်တို့ မယ်တို့ အခုလာရောက်ပညာသင်ကြားကြမယ့် အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး) ဟာဆိုရင် မြန်မာနိုင်ငံမှာ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပြီး နိုင်ငံအတွက် အရေးကြီးတဲ့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံကျန်းမာရေး ဝန်ထမ်း များကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ တက္ကသိုလ် တစ်ခု ဖြစ်ကြောင်း၊ ဒီတက္ကသိုလ်အနေနဲ့ ပုံမှန် အားဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး)၊ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာ ရေး)နဲ့ လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်း၊ အခုနှစ်ကစပြီး ကျန်းမာရေးကြီးကြပ် အဆင့်(၁)များအပါအဝင် သင်တန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ထောက် ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းဟာ(၁၉၈၀)ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး၊ (၃၇)ကြိမ်မြောက် သင်တန်းအထိ စုစုပေါင်း(၂၇၁၉)ဦး မွေးထုတ်ပြီးဖြစ်တယ်လို့ သိရပါကြောင်း၊ လက်ထောက်ကျန်းမာ ရေးမှူး(အကျဉ်းချုံး)သင်တန်းဟာ ယခင်က တစ်နှစ်သင်တန်းဖြစ်ပြီး၊ (၃၆)ကြိမ်မြောက် သင်တန်း မှစ၍ (၉)လ သင်တန်းအဖြစ် ပြောင်းလဲခဲ့တာဖြစ်ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ သင်ရိုး ညွှန်းတမ်းကိုပြန်လည်ဆန်းစစ်ပြီး ယခင်က ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁)နှင့် အမျိုးသမီး ကျန်းမာရေးဆရာမသင်တန်းများမှာ သင်ယူခဲ့ပြီး ထပ်နေတဲ့ သင်ရိုးညွှန်းတမ်းအချို့ကို ဖယ်ထုတ် ခဲ့ခြင်းဖြစ်ကာ၊ အရည်အသွေး မထိခိုက်စေရန် စနစ်တကျ အဆင့်ဆင့် ရေးဆွဲခဲ့တာလို့ သိရကြောင်း၊ သင်တန်းကာလ (၃)လ လျော့နည်းသွား ပေမယ့် ဒီလို ပိုရလာတဲ့ အချိန်အတွင်းမှာ ပြည်သူ လူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မှာမို့ အလွန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ယူဆပါကြာင်း၊ သင်တန်းတာကာလအတွင်း Module (၃)ခုဖြင့် စာတွေ့/ လက်တွေ့သင်ကြားခဲ့ရပြီး Clinical နှင့် ပတ်သက်၍ ဆေးရုံကြီးများတွင် သွားရောက်လေ့လာ ဆည်းပူးကာ Clinical Posting စာမေးပွဲ များကိုလည်း အဆိုပါ ဆေးရုံကြီးများတွင် ဖြေဆိုခဲ့ရသည်ကို သတိပြုမိကြောင်း၊ သင်တန်းဆင်း မောင်မယ်အပေါင်းတို့အနေနဲ့ သုတေသနလုပ်ငန်းများ အထူးဦးစားပေး ဆောင်ရွက်နိုင်မှ ဤ တက္ကသိုလ်က ပေးအပ်သော အောင်လက်မှတ် ရရှိနိုင်မည်လို့ သိရှိရကြောင်း၊ ဒီသင်တန်းသာမက အခြားသော ကျန်းမာရေး သိပ္ပံဘွဲ့သင်တန်း၊ အလုပ်သင်ဆရာဝန် သင်တန်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့်(၁)သင်တန်း အသီးသီးက ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ပြီး သုတေသန စာတမ်းကို အဖွဲ့လိုက် အောင်မြင်စွာ တင်သွင်း၍ Satisfactory ဖြစ်မှသာ လျှင် သက်ဆိုင်ရာ ဘွဲ့/Certificate အသီးသီး ရရှိနိုင်မယ်လို့လည်း သိရကြောင်း၊ ကိုယ့်ဘဝတက်လမ်း အနေနဲ့ ကျန်းမာရေး မဟာသိပ္ပံဘွဲ့အထိ ဆက်လက် တက်ရောက်နိုင်ရန် လမ်းတွေ ပွင့်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်ဒေသနေ ပြည်သူများရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးကာ၊ မိမိဘဝ တက်လမ်းကိုလည်း မျက်ခြေ မပြတ်အောင်ကြိုးစားကြပါလို့ မှာကြားလိုပါကြောင်း၊ သင်တန်းပြီး မြောက်ပြီးလို့ တာဝန်ကျရာဒေသ တွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ကြတဲ့အခါ နိုင်ငံ့ဝန်ထမ်းများ ပီသစွာနှင့် နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး သယ်ပိုးဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရ သည်။



