မကွေး နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီ ခဲ့သည့် ကျေးရွာမှ ဖျော်ဖြေ ရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ၊ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု၊ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု၊ နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက် ထားမှုအခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများရဲ့ မြို့ပြနဲ့ ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများလုပ်ကိုင်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးရွာများ အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဒီကနေ့ဖွင့်လှစ်ပေးလိုက်တဲ့ ဘက်စုံသုံးခန်းမအပါအဝင် ကဏ္ဍအလိုက် ဆောင်ရွက်ပေး ထားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာသူကျေးရွာသားများ အားလုံး ပူးပေါင်း ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက SMART Villge စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများအား ရှင်းလင်း ပြောကြားကာ၊ ကျေးရွာမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားနှင့် ကျေးရွာမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဘက်စုံသုံးခန်းမမှာ အလျား ၆၀ပေ အနံ ၃၆ပေ အမြင့် ၁၂ပေ ရှိပြီး ၂၀၂၅ -၂၀၂၆ ခုဘဏ္ဍာနှစ်တွင် SMART Village စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၆၀ ဒသမ ၁ သန်း စုစုပေါင်းရန်ပုံငွေကျပ် ၈၀ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသား များကိုယ်တိုင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ် ကစတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၃၆၉) မှ လူဦးရေ(၁၅၃၉) ဦးတို့အတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။






