မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းရှိ (စကုမြို့တွင်း)ကတ္တရာလမ်းဖွင့်ပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းရှိ (စကုမြို့တွင်း)ကတ္တရာလမ်းဖွင့်ပွဲ တက်ရောက်

မကွေး ဒီဇင်ဘာ ၁

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းရှိ စကုမြို့တွင်းကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ အဆိုပါလမ်းမပေါ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

          ဦးစွာ အခမ်းအနားတွင် မင်းဘူး-စလင်း- တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်း ကတ္တရာ လမ်းဖွင့်ပွဲ မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်သူဦး၊ မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်ကူညီ အားဖြည့် ပေးသော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ကာ အဆိုပါကတ္တရာလမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

          ဆက်လက်ပြီး ရှင်းလင်းဆောင်၌ လမ်းဖွင့်ပွဲအခမ်းနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းသည် မင်းဘူးမြို့မှ ဆိပ်ဖြူမြို့ အထိ မိုင်အားဖြင့် ၆၉ မိုင် ၇ ဖာလုံ အရှည်ရှိသော လမ်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စုမှ လူဦးရေပေါင်း ၂၁၀၀၀ ခန့်က အစဉ်အမြဲ အသုံးပြုလျက်ရှိသော လမ်းဖြစ်ကြောင်း၊ ယခု ကတ္တရာလမ်း အပါအဝင် လမ်းလုပ်ငန်းနှင့် သက်ဆိုင်သည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအားလုံး ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်း ခွင့်ပြုငွေရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ယခုလို လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့် အမျှ ကုန်စည်စီးဆင်းမှုနှင့် ရောင်းဝယ် ဖောက်ကားမှုများ မြန်ဆန်တိုးတက်မြင့်မားလာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုစေနိုင်မည် ဖြစ်သည့်အတွက် လမ်း အသုံးပြုသူ ဒေသခံများ အားလုံးက လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုတို့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းရှိ စကုမြို့တွင်းလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၂၄ ပေအား ကတ္တရာလမ်းအဆင့် မြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းပုခုံးခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း စသည့် လုပ်ငန်းများအားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၁၄၁၆ ဒသမ ၂၀ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန် ယူဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေသခံတစ်ဦးက အဆိုပါ လမ်းဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စကုမြို့ တိုက်နယ် ဆေးရုံးသို့ သွားရောက်ပြီး ဆေးရုံအတွင်း စကုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူ များအား မင်းဘူးခရိုင်ပြည်သူ့ဆေးရုံးကြီးမှ အထူးကု ဆရာဝန်ကြီးများက ကွင်းဆင်း ဆေးကုသ ပေးခြင်းများ ဆောင်ရွက်နေမှုနှင့် တိုက်နယ်ဆေးရုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း