မကွေး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ စိတ်ဓာတ်၊ စည်းကမ်း ပြည့်ဝသော အနာဂါတ်လူငယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စကုမြို့ အားကစားကော်မတီနှင့် Sagu Net တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား (Sagu Net Cap)အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက စကုမြို့မအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများ ချီးမြှင့် ပေးခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ်အဖြစ် စကုအမှတ်(၃)အသင်းနှင့် အ.ထ.က(စကု) အသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စကုမြို့ဒေသခံပြည်သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိတ်သတ်များက တစ်ခဲနက် အေးချမ်း ပျော်ရွှင်စွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
စကုမြို့ အားကစားကော်မတီနှင့် Sagu Net တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ်၊ မြို့အုပ်ချုပ်ရေးမှူးဖလား (Sagu Net Cap) အသက်(၂၅)နှစ်နှင့် အောက် အမျိုးသမီးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ဘုရားရွာ၊ စကုအမှတ်(၃)၊ အ.ထ.က(စကု)၊ အ.ထ.က(ခွဲ)ရေပုတ်နှင့် အ.ထ.က (ခွဲ)ကျွဲတဲ အသင်း(၅)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် အုပ်စုပတ်လည် ပွဲစဉ်များကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၇ ရက်နေ့က စကုအမှတ်(၃) အသင်းနှင့် အ.ထ.က(စကု) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ စကုအမှတ်(၃) အသင်းက အ.ထ.က(စကု)အသင်းကို (၄ - ဝ) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပထမဆုရရှိခဲ့သည့် စကု အမှတ်(၃)အသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် အ.ထ.က(စကု)အသင်းတို့အပြင် ပြိုင်ပွဲ တစ်လျောက် တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုများနှင့် ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ ကြသည့် အဖွဲ့အစည်းများအားလုံးကို ဆုတံဆိပ်၊ ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။





