မကွေး ဒီဇင်ဘာ ၁၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပ လျက်ရှိသည့် နည်းတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီး ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မကွေးမြို့ တိုင်းအားကစား ကွင်းရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၄၈၀၀)ကျော် တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး တာလွှတ်ပေးရာ တိုင်းအားကစားကွင်းရှေ့မှ စတင်၍ ပြည်တော်သာလမ်း၊ ထိုမှတဆင့် မြို့ပတ်လမ်း တစ်လျှောက်၊ အ.ထ.က(၁)လမ်းမှ အဝေရာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ တိုင်းအားကစား ကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး၊ တိုင်းဒေသကြီး အားကစားကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင်ခန်း အတွဲ(၁) အတွဲ(၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းတို့ကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးကာ စုပေါင်းလမ်းလျှောက် ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထူအားကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ကျင်းပ ဆောင်ရွက်မှုနှင့် အခြေခံပညာကျောင်းပေါင်းစုံ သံလုံးပြစ်ပြိုင်ပွဲ၊ အပျော်တမ်း သံပုံးရိုက် ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲ ကျင်းပနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စီမံအုပ်ချုပ် ရေးအဖွဲ့များမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကာ တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။





