မကွေး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦး စီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူ ဆောင်ရွက်ခဲ့သော မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမပေါ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ် မုခ်ဦးအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာ ဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီ ဆောင်ရွက်ပေးခဲ့သော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်၍ အဆိုပါ ကတ္တရာလမ်း သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၇၀၅ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ကြောင်း၊ အဆိုပါလမ်းအား ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် မြို့နယ်အတွင်းရှိ ကျွေးရွာပေါင်း ၈ ရွာ၊ အိမ်ခြေပေါင်း ၁၁၁၇ အိမ်မှ လူဦးရေပေါင်း ၄၈၅၀ ဦးနှင့် လမ်းအသုံးပြုသူ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ များစွာ အထောက် အကူပြု အကျိုးဖြစ်ထွန်း နိုင်စေမည်ဖြစ်သည်။
ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသ ကြီး)အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ယခုဖွင့်လှစ်ပေးခဲ့သော ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ် အပါအဝင် တိုင်းဒေသကြီးအတွင်း၌ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအရှည် ၂ ဒသမ ၆၉ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း အရှည် ၂ မိုင် ၃ ဒသမ ၇၄ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း အရှည် ၂ မိုင် ၀ ဒသမ ၇ ဖာလုံ ၊ ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း အရှည် ၄ မိုင် ၇ ဒသမ ၉၇ ဖာလုံ ၊ ၁၂ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည် ၄ မိုင် ၅ ဒသမ ၅၉ ဖာလုံ၊ ၁၈ ပေ အကျယ်မြေနီလမ်းခင်းခြင်း အရှည် ၃ မိုင် ၁ ဖာလုံ၊ မြေကာနံရံ ၁၂၇၈ ပေ၊ ၁၅ ပေ အကျယ်တံတား တစ်စင်း၊ ရေကျော် ၄ စင်းနှင့် Box Culvert ၅ စင်းတို့ကို ခွင့်ပြုရန်ပုံငွေ ၈၇၈၃ ဒသမ ၈၀၂ ကျပ်သန်း အကုန်ကျခံ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်ထံမှ သိရသည်။






