မကွေး ဒီဇင်ဘာ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မကွေး) Science Competition and Fair, 2025 အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တက္ကသိုလ်/ ကောလိပ်/ သိပ္ပံ/ ကျောင်း အသီးသီးမှ ပါမောက္ခချုပ်များ/ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာ တက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီးတို့က တက္ကသိုလ်လော်ဘီတွင် နည်းပညာတက္ကသိုလ်(မကွေး) Science Competition and Fair, 2025 အထိမ်းအမှတ် အခမ်း အနားကို ကိတ်မုန့်လှီး၍ ဖွင့်လှစ်ခြင်း အစီအစဉ် ဆောင်ရွက်ပြီး၊ နည်းပညာတက္ကသိုလ်(မကွေး) Science Competition and Fair, 2025 အခမ်းအနားကို အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက် ကျင်းပသည်။
ဦးစွာအခမ်းအနားတွင် နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက လှပစီရီ အကအလှပန်းချီ ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နည်းပညာတက္ကသိုလ်(မကွေး)မှာ အခုပညာသင် နှစ်တွင် စုစုပေါင်း ကျောင်းသားဦးရေ (၁၆၀၀) ဦးကျော် တက်ရောက်နေကြပြီး ပထမနှစ် ဝင်ခွင့် ဦးရေ(၂၄၀)၊ အစိုးရနည်းပညာအထက်တန်းကျောင်းက ပေါင်းကူး (၆)ဦး၊ စက်မှုလက်မှုသိပ္ပံ ပေါင်းကူး (၁၉၁)ဦး တက်ရောက်လျက်ရှိတာ သိရပြီး၊ နည်းပညာတက္ကသိုလ်(မကွေး)ဟာ တစ်နှစ်နဲ့ တစ်နှစ် ကျောင်းသားအင်အား တိုးတက်နေတာ တွေ့ရတဲ့အတွက် ကျောင်းရဲ့ ကောင်းမွန်တိုးတက်တဲ့ လက္ခဏာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးတို့အတွက် ဦးတည်ကျိုးပမ်းဆောင်ရွက် နေသကဲ့သို့ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပညာရေးကို အားပေး ဆောင်ရွက်နေချိန်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ယနေ့တိုးတက် ပြောင်းလဲနေသော AI ခေတ်မှာ ခေတ်နဲ့ အညီ ရင်မောင်တန်းနိုင်ဖို့ တီထွင်ဆန်းသစ်သော သုတေသနများ ပေါ်ထွန်းလာစေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့ Project Competition မှာ ပါဝင် ယှဉ်ပြိုင်ကြတဲ့ အဖွဲ့ (၆)ဖွဲ့ ယှဉ်ပြိုင်မှု အတွက် စုစုပေါင်း ကုန်ကျစရိတ် ကျပ်သိန်း(၁၂၀)ကျော်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ထောက်ပံ့ပေးထားတာဖြစ်ပါ ကြောင်း၊ ဒီလိုခေတ်မီ နည်းပညာတွေ အသုံးချပြီး တီထွင်ဖန်တီးနိုင်တဲ့ သားငယ် သမီးငယ်တွေ မွေးထုတ်ပေးခြင်းဖြင့် ဒေသအကျိုးပြု သုတေသနတွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ဘဝဆိုတာ လွတ်လပ်ပြီး ပျော်စရာ အကောင်း ဆုံးအချိန် ဖြစ်သလို ဗဟုသုတတွေ အများဆုံးရှာမှီဖို့ အခွင့်အရေးအရှိဆုံး အချိန်ဖြစ်လို့ အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ အတတ် ပညာတွေကို သင်ယူလေ့လာရင်း အသိပညာဗဟုသုတတွေကိုလည်း ဒီလို အခမ်းအနားတွေမှာ ပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရနိုင်သလို စာအုပ်စာပေတွေကနေလည်း ရနိုင်တာမို့ စာကြည့်တိုက်ကို သွားရောက်လေ့လာကြဖို့နဲ့ ဒီနေ့ AI ခေတ်ကြီးမှာ အင်တာနက်ကို ကောင်းစွာ အသုံးပြုတတ်ဖို့ကလည်း အရေးကြီးပါကြောင်း၊ အင်ဂျင်နီယာပညာရေး အောင်မြင်အဓွန့် ရှည်တည်တံ့ပါစေကြောင်းနဲ့ နည်းပညာတက္ကသိုလ်(မကွေး)ကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ၊ ဒေသအကျိုးပြု သုတေသနတွေ ဆောင်ရွက်နိုင်ပြီး ကောင်းမွန်တဲ့ သတင်းကျော်ဇောမှုတွေနဲ့ တည်တံ့ခိုင်မြဲတဲ့ တက္ကသိုလ် တစ်ခုဖြစ်အောင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးက အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက Science Competition and Fair, 2025 ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က Hackathon ပြိုင်ပွဲ၊ Talk Show ပြိုင်ပွဲနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ၊ ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မေဂျာအလိုက် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် လော်ဘီတွင် ပြသထားသော Project Show ပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။






