မကွေး ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးခရိုင် ငဖဲ မြို့နယ် ဇင်ပြွန်း၊ စာတတ်ကူ၊ ပဒါန်း ကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဒါန်းကျေးရွာ ပုသိမ်-မုံရွာကားလမ်းဘေး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က ပဒါန်းကျေးရွာရှိ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာများအား စက်ခလုပ် နှိပ်၍ မီးလင်းပေးခြင်း ဆောင်ရွက်ကာ၊ မီးလင်းရေးဖွင့်ပွဲတွင် ဖျော်ဖြေပေးခဲ့သည့် ဘင်ခရာတီးဝိုင်း အဖွဲ့၊ ချင်းတိုင်းရင်းသားရိုးရာ ဝါးညှပ်အကနှင့် စည်တော်အကအဖွဲ့တို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး မီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးက ဇင်ပြွန်း၊ စာတတ်ကူ၊ ပဒါန်းကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ပြည်သူများ ယခင်ကထက် လျှပ်စီးမီးပိုမို သုံးစွဲနိုင်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ဒေသခံတောင်သူများ၏ ကျေးရွာကုန်ထုတ်လမ်းဖောက် လုပ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မီးကြိုးအသစ်လဲလှယ် တပ်ဆင်ပေးနိုင်ရေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးတာဝန်ခံများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးထွန်းခင်တို့က ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် နယ်မြေဒေသ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး အရေးကြီး၍ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရှင်းလင်း ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေနဲ့ ဓာတ်အား စနစ်အတွင်း ဓာတ်အား ပိုမိုရရှိနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လည်း လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ လျှပ်စစ်မီး ရရှိခြင်းဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ဘဝနေထိုင်ရေးကဏ္ဍတို့မှာ ယခင်ထက် အစစ အရာရာ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာလည်း ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေကို တိုးချဲ့ တည်ဆောက်နိုင်ဖို့ နှစ်စဉ်ရန်ပုံငွေ ခွင့်ပြုပေးလျက် ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၄)နှစ် ကျော် ကာလအတွင်း ကျေးရွာပေါင်း (၇၈၅)ရွာ၊ အိမ်ထောင်စု အနေနဲ့ (၉၈၄၈၀) စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဆိုရင်မကွေးတိုင်းဒေသကြီးမှာ စုစုပေါင်းအိမ်ထောင်စုရဲ့ (၅၆၆,၂၂၀)ကျော်၊ ရာခိုင်နှုန်းအားဖြင့်(၆၂) ရာခိုင်နှုန်း လျှပ်စစ်မီးရရှိသုံးစွဲ နိုင်ပြီဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိသလို ပြည်သူများအနေနဲ့ လျှပ်စစ် ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်း ကြခြင်းဖြင့် နိုင်ငံတော် အတွင်း ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသများမှ ပြည်သူများ လျှပ်စစ် ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည်သဘောပေါက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ တောင်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျင် သုံးသီး တိုးချဲ့စိုက်ပျိုးရန်၊ အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးရန်၊ သီးနှံများ အချိန်မှန်မှန် စိုက်ပျိုးကြရန်နှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး စိတ်ရင်းစေတနာ အပြည့်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်နင့် တာ၀န်ရှိသူများသည် အဆိုပါကျေးရွာ များသို့ စစ်ဘေးရှောင်ရောက်ရှိကာ အခြေခံပညာကျောင်း တက်ရောက် ပညာသင်ကြား နေသော ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ၊ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေမှ Quick Win အစီအစဉ်ဖြင့် ခရိုင်နှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီ ယာရုံးမှ တာဝန်ယူ၍ ဇင်ပြွန်းကျေးရွာ ၃.၁ မိုင်၊ ၂၀၀ ကေဗွီအေ(၂)လုံးကို ၂၀၆ သန်း၊ ပဒါန်းကျေးရွာ ၁၁ ကေဗွီလိုင်း ဝ.၃ မိုင်၊ ၄၀၀ ဗို့လိုင်း ဝ.၄ မိုင်၊ ၂၀၀ ကေဗွီအေ(၁)လုံးကို ၈၈.၁၆၂ သန်းနှင့် စာတတ်ကူကျေးရွာ ၁၁ ကေဗွီလိုင်း ဝ.၀၃ မိုင်၊ ၂၀၀ ကေဗွီအေ ၁ လုံးကို ၄၇ သန်း စုစုပေါင်းကျပ်သန်း ၃၄၁.၁၆၂ သန်းဖြင့် မီးလင်းရေးဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ ယခင်နှစ်ကထက် ပိုမို၍ လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။





