မကွေး ဒီဇင်ဘာ ၂၃
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မကွေးတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ် ဆိုင်ရာပြပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့က မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်ကေခိုင်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား၊ စီမံဌာနအသီးသီးမှ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာ ရပ်ဆိုင်ရာပြပွဲ အခမ်းအနားအား မကွေးတက္ကသိုလ် စာပေနှင့် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက မြေလတ်တက္ကသိုလ် တေးသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော် အတွက် အရေးပါအရာရောက်တဲ့ ပညာရေးကဏ္ဍမှာ အခြေခံအကျဆုံး ကဏ္ဍကတော့ လူငယ်တွေရဲ့ အခန်း ကဏ္ဍဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုတာ "သည်နေ့မျက်မှောက် ကာလဖြစ်သော ပညာခေတ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်တဲ့ အစဉ်လေ့လာ သင်ယူနေသော လူဘောင်အဖွဲ့အစည်းကို ဖန်တီးပေး နိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်" ဆိုသည့် အမျိုးသား ပညာရေးမူဝါဒကို အကောင် အထည်ဖော်ဆောင်ပေးနိုင်တဲ့ ပညာရှင် ရပ်ဝန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလရဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ဖို့အတွက် ပညာရေးကဏ္ဍမှာ သတင်းနှင့် ဆက်သွယ်မှု နည်းပညာကို အခြေပြုတဲ့ သင်ကြားမှု၊ သင်ယူမှုနည်းပညာများကို အကောင်အထည်ဖော် အသုံးချ နေပြီ ဖြစ်သလို၊ သတင်းနှင့်နည်းပညာ အထောက်အကူပြု ပစ္စည်းများဖြင့် သင်ကြားမှု၊ သင်ယူမှု၊ ပတ်ဝန်းကျင်ကောင်းများလည်း ရရှိရန် ဆောင်ရွက်ပေးနေပြီ ဖြစ်လို့ အဆင့်မြင့်ပညာတွေကို စဉ်ဆက်မပြတ် တစ်သက်တာသင်ယူနိုင်မည့် Life-Long Learning အခွင့်အလမ်းများလည်း ရရှိနေပြီ ဖြစ်ပါကြောင်း၊ လူငယ်တိုင်းရဲ့ အနာဂတ်ဘဝမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးအရာ များအားလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာ မူဝါဒတွေကိုလည်း ချမှတ်ပြီး မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တစ် ခေတ်ရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်မယ့် လူငယ်တွေ၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်ထွန်းလာစေဖို့ ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာတွေကိုသာမက စည်းမျဉ်း စည်းကမ်းနဲ့ဥပဒေတွေကို သိရှိနားလည်လိုက်နာနိုင်အောင် ဥပဒေရေးရာ ဘာသာရပ်ကို အတန်းတိုင်းမှာ ပို့ချပေးနေပြီဖြစ်ပါ ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အနာဂတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်သည်နှင့် အညီ ငြိမ်းချမ်းသာယာသော ခေတ်မီဖွံ့ဖြိုး တိုးတက်သော အနာဂတ်နိုင်ငံအတွက် အာမခံချက်ကောင်း တစ်ခုဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်ကေခိုင်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတက္ကသိုလ် စန္ဒကူး ကျောင်းသူ ဆောင်အတွက်(32’’ Smart TV)တစ်လုံးအား အဆောင်နေကျောင်းသူများ ထံပေးအပ် ခဲ့ပြီး၊ မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခဆရာ၊ ဆရာမ ကြီးများ၊ စီမံခန့်ခွဲရေးအရာရှိများနှင့် မိတ်ဆက်ခြင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မကွေးတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီ အစဉ်များဖြင့် တင်ဆက်ကာ၊ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်တင်ဆက်ခဲ့သူများအား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အခမ်းအနား အပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများက ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဘာသာရပ်ဌာန အသီးသီး အလိုက် ခင်းကျင်းပြသလျက်ရှိသော ဘာသာရပ်ဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။





