မကွေး ဒီဇင်ဘာ ၂၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် Quick Win အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ကျေးရွာမှ ဖျော်ဖြေရေး အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ အမှတ်တရ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူး ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ ပြည်သူ များရဲ့ မြို့ပြနဲ့ ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင် လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်များ၊ ဦးတည်ချက်များနှင့် အညီလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီကနေ့ ဖွင့်လှစ်ပေးလိုက်တဲ့ ကွန်ကရစ်လမ်း အပါအဝင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာသူ၊ ကျေးရွာ သားများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားပြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း က မကွေးတိုင်းဒေသကြီးအတွင်း Quick Win အစီအစဉ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားနှင့် ကျေးရွာမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကျေးရွာစာသင်ကျောင်းအတွက် အားကစား ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျစ်စုံပွေး ကျေးရွာတွင်းကွန်ကရစ်လမ်းမှာ အရှည် ၃၃၀၀ ပေ အကျယ် ၁၂ပေ ထု ၆ လက်မရှိပြီး ၂၀၂၅ -၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (အထွေထွေပိုလျှံရန်ပုံငွေ) ပြည်သူ လူထုသို့ တိုက်ရိုက်အကျိုးပြုစေသည့် Quick Win အစီအစဉ်မှ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၄ သန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများမှ နိုဝင်ဘာလ ပထမပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၈၇၄ အိမ်မှ လူဦးရေ ၅၆၃၈ ဦးတို့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လုပ်ငန်းများအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်လာပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ထံမှ သိရသည်။






