မကွေး ဒီဇင်ဘာ ၂၇
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည် နေထိုင် နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီး စေရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၌ စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်များနှင့် လေကာ တန်းပင်များ အား ရေလောင်းပြုစုခြင်း အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မကွေးမြို့၊ နံကပ်ကျွန်း ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
မိုးလွန်ကာလစုပေါင်းရေလောင်းပွဲတော် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်အလိုက် လူထု လှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခဲ့ပြီး စိုက်ပျိုးပြီးသစ်ပင်များအား မိုးရာသီအလွန် ပူပြင်းခြောက် သွေ့တဲ့ ရာသီဥတုကို ကာလရှည်ရင်ဆိုင်အံတုနိုင်ဖို့ ပြည်သူများပါဝင် စုပေါင်း၍ နွားချေးမြေဆွေး ထည့်ပြီး အမြစ်ဇုန်ထိရောက်အောင် ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ သေပင်ဖာထေးခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်၍ မြဲအောင် ထိန်းသိမ်းရမှာဖြစ်ကြောင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက် များစွာရှိတဲ့အနက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် အဓိကကျကြောင်း သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပါက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်ခဲယဉ်းသွားမှာဖြစ်သည့်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟုသော ဆောင်ပုဒ်နှင့် အညီ စိုက်ပျိုးပြီးတဲ့ သစ်ပင်များကို တစ်ပင်စိုက်လျင် တစ်ပင်ရှင်သန်အောင်မြင်အောင် ပြုစုထိန်းသိမ်း၍ သဘာဝပတ်ဝန်းကျင်ကောင်း ရရှိရေးအတွက် သစ်တောသစ်ပင်များ စုပေါင်းရေလောင်းပြုစုပြီး ရေရှည်တည်တံ့အောင် မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်ပြည်သူများအနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ပေးကြစေ လိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရေကုန်ကျမှုသက်သာသော သစ်ပင် ရေလောင်း နည်းစနစ် ၃ မျိုးကို ပြကွက် ၃ ခုဖြင့် လက်တွေ့ပြသခဲ့ပြီး တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက အရိပ်ရအပင်များနှင့် လေကာတန်းပင် များအား ဓာတ်မြေ ဩဇာကျွေးခြင်း၊ ကောက်ရိုးခြောက်များဖုံးအုပ်၍ တစ်ပျော်တစ်ပါး ရေလောင်းခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးပြီးသောသစ်ပင်များ ရေလောင်းပြုစုထိန်းသိမ်းနေမှုကို လှည့်လည် ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။




