မကွေး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးချေးငွေဖြင့် ပါဝင်တည်ဆောက်သည့် အောင်လံသားစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင်စက်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါ စပါးကြိတ်ခွဲသန့်စင်စက်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများက အောင်လံသား စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင် စက်အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး၊ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ကာ၊ အောင်လံသား စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစု စပါးကြိတ်ခွဲသန့်စင်စက်အား လှည်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်း ဒေသကြီးအနေနဲ့ “ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်စက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro - based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး”ဟူသည့် ဦးတည်ချက်နှင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟူသည့် အချက်ကို အလေး ထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် မြေအောက်ရေတွင်းမှ solar ရေတင် စီမံကိန်း၊ ဧရာဝတီ မြစ်ကနေ မြစ်ရေတင်စီမံကိန်းတွေ ဆောင်ရွက်လျှက်ရှိရာမှာ အောင်လံခရိုင်အတွင်းမှလည်း မြစ်ရေ တင်စီမံကိန်းတွေရှိကြောင်း၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်တိုက်နယ်မှာ ကျေးရွာအုပ်စု (၁၅)အုပ်စုရှိပြီး ကျေးရွာ ပေါင်း(၂၄)ရွာ၊ လူဦးရေ (၃၀၀၀၀)ကျော်နေထိုင်ပြီး၊ တောင်သူ (၅၄၀၈)ဦး ရှိကာ နွေစပါးစိုက်ဧက(၄၁၆၀)နှင့် မိုးစပါးစိုက်ဧက (၁၃၃၄၉)ဧကခန့်ရှိကာ၊ စပါးသီးနှံကို တစ်နှစ် လျှင်(၂)သီး စိုက်ပျိုးပြီး နွေစပါး တင်းပေါင်း(၃၇၀၀၀၀) ကျော်နှင့် မိုးစပါးတင်းပေါင်း (၁၂)သိန်းကျော် ထွက်ရှိပါကြောင်း၊ မိမိအနေနဲ့ ဒီဒေသကို (၂၀.၆.၂၀၂၄)ရက်နေ့ လာရောက်ခဲ့စဉ်က တောင်သူ တစ်ဦးက တင်ပြရာမှာ တောင်သူများထွက်ရှိလာသော စပါးများကို အစိုအတိုင်းရောင်းချရ၍ ဈေးနှိမ်ခံရကြောင်း၊ စပါးများ ကြိတ်ခွဲမည်ဆိုပါကလည်း ဒေသတွင် အသေးစားကြိတ်ခွဲစက်များ သာရှိ၍ ပြည်မြို့သို့ ပို့ဆောင် ကြိတ်ခွဲရသဖြင့် သယ်ယူစရိတ်များပြားကြောင်း၊ ဒေသတွင် စပါး အခြောက်ခံခြင်းနှင့် ဆန်ကြိတ်ခွဲ သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပါက တောင်သူများ ထွက်ရှိ လာတဲ့ စပါးတွေကို အခြောက်ခံ သိုလှောင်ကာ စိတ်ကြိုက်ဈေးဖြင့် ရောင်းချနိုင်ကြောင်း တောင်သူများ၏ စပါးများကို အရည်အသွေးမှီ ကြိတ်ခွဲနိုင်ပြီး ဝမ်းစာချန်ကာ ပိုလျှံဆန်များကို ဈေးကောင်းဖြင့် ရောင်းချနိုင်ပြီဖြစ်၍ တစ်ဦးချင်းဝင် ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် စပါးအခြောက်ခံစက်နှင့် ကြိတ်ခွဲ သန့်စင်စက် လိုအပ်လျှက်ရှိကြောင်း တင်ပြခဲ့တဲ့အပေါ် မိမိက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေတင်ပြတောင်းခံရန် လမ်းညွှန်ခဲ့ကြောင်း၊ အဲဒီအတွက် ဒုရင်္ဂဗိုလ်တိုက်နယ်မှာရှိတဲ့ ကျေးရွာ များမှ တောင်သူများ ပါဝင်ဖွဲ့စည်းထားတဲ့ အခြေခံသမဝါယမ အသင်း(၁၀)သင်းကို စုစည်းပြီး အောင်လံသား စိုက်ပျိုးထုတ်လုပ်ရေးအသင်းစုကို ဦးစွာဖွဲ့စည်းခဲ့ တယ်လို့ သိရကြောင်း၊ အသင်းစုမှာ အသင်းဝင် အသင်းသား(၁၂၀၈)ဦးရှိပြီး အသင်းသားစိုက်ဧက (၃၆၄၆) ဧကရှိတယ်လို့ သိရပြီး၊ သမဝါယမစနစ်အရ အသင်းသား ကိုယ်တိုင်စိုက်ပျိုးတဲ့ စပါးတွေကို အသင်းသားတွေ စုပေါင်း ဆောင်ရွက်မယ့် ဒီဆန်စက်မှာ ကြိတ်ခွဲ သန့်စင်နိုင်ရင် ဒေသအတွက် ဝမ်းစာဖူလုံမှုကို အထောက်အကူပြုလာမှာ ဖြစ်ပါကြောင်း၊ အသင်းသားတွေ စုပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းကရရှိလာတဲ့ အကျိုးအမြတ်တွေကို သမဝါယမနည်းလမ်းအရ ခွဲဝေခံစားရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ဒေသအတွက် လိုအပ်ပြီး အကျိုးဖြစ် ထွန်းမယ့် စပါးကြိတ်ခွဲသန့်စင်စက် တည်ဆောက်ရန်အတွက် မိမိတို့အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေကျပ် (၂၀၀)သန်း ခွင့်ပြုပေးခဲ့ကြောင်း၊ “ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မိမိတို့က ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းထားပြီးဖြစ်လို့ အသင်းသားပိုင် စပါးအခြောက်ခံစက်မှာ တစ်ရက် တင်းပေါင်း (၈၀၀)၊ အသင်းပိုင် စပါးကြိတ်ခွဲသန့်စင် စက်မှာ တစ်ရက်တင်းပေါင်း(၁၄၀၀) ကျော်ကြိတ်ခွဲ သန့်စင်ပေးနိုင်ပြီး လယ်ဧက(၁၅၀၀)ကျော်၊ တောင်သူ (၇၀၀)ဦးခန့်ကို အကျိုးပြုနိုင်မှာ ဖြစ်သလို ဒီအသင်းမှာပါဝင်တဲ့ အသင်းသားတောင်သူ (၁၂၀၈)ဦး သာမက အသင်းသားမဟုတ်သူ တောင်သူများကိုလည်း အသင်းဝင်စေပြီး တောင်သူတွေရဲ့ အကျိုး စီးပွားကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း နှင့် အသင်းရေရှည် ရပ်တည်အောင်မြင်ရေးအတွက် အသင်းသားများဘက်ကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်း ပြောကြား သည်။
ဆက်လက်ပြီး အောင်လံသား စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းစု ဥက္ကဌ မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြကာ၊ အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။






