မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီပွဲတော် အခမ်းအနား တက်ရောက်

မကွေး    ဇန်နဝါရီ     ၃

          ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ပညာရေးစုံညီ ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသ ကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်က တက်ရောက်လာသည့် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများအား  ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းသမီး ကောင်းရတနာများ ဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုတဲ့” ဆောင်ပုဒ်နဲ့ အညီ နိုင်ငံတော်က ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အမြဲကြိုးစားပြီး နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း မှာကြား ခဲ့သည်။ ဆက်လက်၍ ကင်းထောက်ပြိုင်ပွဲ၊ ဘင်ခရာစွမ်းရည်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင်များ၏ သရုပ်ပြသမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးသည်။

          အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မကွေးခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “ ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း” ဖြင့် အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးစုံညီပွဲတော် ဆိုတာ ပညာသင်နှစ် တစ်နှစ်တာအတွင်း ပညာရေးလုပ်ငန်းများဖြစ်သော သင်ကြား သင်ယူမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ပညာရေးပြက္ခဒိန်အရ လအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်မှုများကို အကောင်အထည်ဖော် ပြန်လည်ဖော်ထုတ်ပြသပြီး ထူးချွန်သူများကို ဂုဏ်ပြု ချီးမြှင့်ခြင်း၊ ပညာရေးဆိုင်ရာအချက်အလက်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူ များ၏ စွမ်းဆောင်ရည် ပြသခြင်း၊ ကျွေးမွေးဧည့်ခံခြင်း၊ ဖျော်ဖြေ တင်ဆက်ခြင်းများကို မိဘ၊ ဆရာ၊ ကျောင်းသား ပျော်ရွှင်စွာ ဆင်နွဲရသည့် တွေ့ဆုံပွဲပဲ ဖြစ်ပါကြောင်း စုံညီပွဲတော်တွင် ကျောင်းအလိုက် ဆရာများ၏ သင်ကြား ပြသမှု၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လမ်းညွှန်ပံ့ပိုးကူညီမှု၊ မိဘများ၏ အားတက်သရော ပံ့ပိုးကူညီမှုများဖြင့် တစ်နှစ်တာကာလအတွင်း သင်ကြားသင်ယူ တတ်မြောက်ခဲ့ သည့် စာပေ၊ အားကစားစသည့် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်များ၊ အဆို၊ အက၊ အရေး၊ အတီး၊ ပန်းချီ၊ စသည့် အနုပညာဆိုင်ရာအတတ်ပညာများ၊ အိမ်တွင်းမှုဆိုင်ရာ လက်ချုပ်၊ ပန်းထိုး၊ အချက် အပြုတ် အတတ် ပညာများ စသည်တို့ကို ဖော်ထုတ်ပြသပြီး တက်ရောက် အားပေးသူများကလည်း ပညာသင်နှစ် တစ်နှစ်တာအတွင်း စွမ်းဆောင်နိုင်မှုများကို အကဲဖြတ်ကာ ကျောင်းရဲ့လိုအပ်ချက် များကို အပြုသဘောနဲ့ ကူညီဖြည့်ဆည်းပေးကြပြီး နောင်ပညာသင်နှစ်တွင် ကျောင်း၏ ပညာရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် အကြံပြုကြတာလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှု ခြေလှမ်းများကို တစ်ဆင့်ချင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိဘများအနေနဲ့ ပညာရေးကိုအခြေခံပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့အတွက် အဘက်ဘက်မှ ဆက်လက် ပူးပေါင်းကူညီပံ့ပိုး ကြိုးပမ်းပေးကြဖို့နဲ့ ယနေ့ကျင်းပပြုလုပ်သော စုံညီပွဲတော်မှာ တက်ရောက် လာသော ဧည့်ပရိသတ် များသာမက  အခြားအခြားသော မိမိတို့နိုင်ငံသား လူထုလူတန်းစားများ အားလုံး ပါဝင်သည့် အင်အားစုကြီးဖြင့် ပညာရေးလုပ်ငန်းများကိုသာမက အခြားကဏ္ဍများတွင် နိုင်ငံတော် တည်ငြိမ် ညီညွတ်စွာ လက်တွဲ ဆောင်ရွက်ကြရန်နှင့် အေးချမ်းရေး၊ ဒေသတိုးတက် ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံပေါကြွယ်ဝသော နိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက်ကြရေး အတွက် အနာဂတ်မှာ ဆက်လက်တာဝန် ယူကြရမဲ့ ကျောင်းသားလူငယ်များကို ကောင်းမွေများ လက်ဆင့်ကမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade (6) ကျောင်းသား မောင်လွင်သန့် ထူးအောင်နှင့် အဖွဲ့က တယောဖြင့်လက်စွမ်းပြဖျော်ဖြေတင်ဆက်ကာ၊ ဟိုအဆင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကင်းထောက်စွမ်းရည်၊ ဘင်ခရာနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်ပြီး ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာ အောင်လံခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “လက်ခတ်သံ”သီချင်းဖြင့် လည်းကောင်း၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက “ဗလငါးတန်တို့ရည်သန်” သီချင်း၊ မာယာဒေဝီ နှစ်ပါး သွားအက၊ ပြည့်ရတနာ”သီချင်းတို့ဖြင့် လည်းကောင်း၊ ချောက်ခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ က“နန်းကိန္ဒရီ”သီချင်းဖြင့်လည်းကောင်း၊ သရက်ခရိုင်ကိုယ်စားပြု ကျောင်းသူများက “အလှကမ္ဘာ မြေ” သီချင်းဖြင့်လည်းကောင်း၊ အသီးသီးကပြဖျော်ဖြေ တင်ဆက်ကာ၊ စုံညီပွဲတော် ဖျော်ဖြေရေး အစီ အစဉ်များတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ (၁၅)သိန်းကျပ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့်  မင်းဘူးခရိုင်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကာ ပညာရေးစုံညီပွဲတော် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း