မကွေး ဇန်နဝါရီ ၉
၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက “အလှကမ္ဘာမြေ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အနာဂတ်ရဲ့ ကွန်ပျူတာပညာရှင် မျိုးဆက်သစ်များကို ဒီခန်းမကြီးထဲမှာ စုစုစည်းစည်း တက်တက်ကြွကြွနဲ့ တွေ့မြင်ရတဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်မိကြောင်း၊ မောင်မယ်သစ်လွင်များအနေနဲ့ အခြေခံ ပညာအထက်တန်းအဆင့်ကို ထူးချွန်စွာအောင်မြင်ခဲ့ကြလို့ အခုလိုမျိုး ကွန်ပျူတာတက္ကသိုလ်မှာ အဆင့်မြင့်ပညာတွေ သင်ယူခွင့် ရရှိနေကြပြီဖြစ်တဲ့အတွက်လဲ မောင်မယ်သစ်လွင်များအတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ မောင်မယ်များအားလုံးကလဲ မိမိကိုယ်ကို ကျေနပ်ဂုဏ်ယူနေကြ လိမ့်မယ်ဆိုတာကိုလဲ ယုံကြည်ပါကြောင်း၊ မောင်မယ်သစ်လွင်များအနေနဲ့ ကိုယ့်ရဲ့သစ်လွင်နေတဲ့ တောက်ပနေတဲ့ တန်ဖိုးတွေကို ညစ်ထေးမသွားအောင်၊ နိမ့်ကျမသွားအောင် မိဝေးဖဝေး နေနေရတဲ့ အခိုက်အတန့်တွေမှာ အထိန်းအကွပ်ဟူသော သတိရှိဖို့လိုကြောင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ဟာအချိန်နှင့်အမျှ တစ်ဟုန်ထိုးတိုးတက်ပြောင်းလဲနေတယ်ဆိုတာ မောင်မယ်တို့အသိပဲ ဖြစ်ပါ ကြောင်း၊ မနေ့ကသင်ယူခဲ့တဲ့ ပညာရပ်တွေဟာ မနက်ဖြန်မှာ အသုံးတည့်ဖို့ မသေချာနိုင်ပါဘူး၊ မိမိသင်ယူခဲ့တဲ့ ပညာရပ်တွေကို ယနေ့ပြောင်းလဲနေတဲ့ နည်းပညာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် စဉ်ဆက်မပြတ် ဆက်လက် လေ့လာနိုင်မှသာ မနက်ဖြန်အတွက် အသုံးချနိုင်မှုဆိုတာ သေချာလာမှာဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များကို တိုင်းပြည်က အားကိုးအားထားပြုရတဲ့၊ အသိပညာနှင့် အတတ် ပညာပိုင်းမှာ သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ စတဲ့ ဗလ (၅)တန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေဖြစ်လာအောင် စနစ်တကျ ပြုစုပျိုးထောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိတယ် ဆိုတာကို အသိပေးပြောကြားလိုပါကြောင်း၊ နှစ်ကာလ တွေကြာ ညောင်းသွားသည့်တိုင် ကိုယ့်ရဲ့ ဘဝမှာ အမှတ် ထင်ထင်ရှိနေမယ့် အစိတ်အပိုင်း တစ်ခုဟာ တက္ကသိုလ်ကျောင်းသား ဘဝဖြစ်ပြီး၊ အဲဒီလိုအမှတ်ထင်ထင် ရှိနေမယ့် ဘဝရဲ့ အစိတ်အပိုင်း တစ်ခုကို (၅)နှစ်တာ ကာလအတွင်း ဖြတ်သန်း ကြတဲ့အခါမှာ အသိပညာများကြွယ်ဝခြင်း၊ အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ခြင်းအပြင်၊ အခြားသော စာပေ၊ အနုပညာ၊ အားကစားစတဲ့ အသင်းအဖွဲ့ များမှာ ပါဝင်ဆောင်ရွက်ရင်း ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အောင်မြင်စွာ ဖြတ်သန်းနိုင်ကာ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ဂုဏ်၊ မကွေးတိုင်းဒေသကြီးရဲ့ ဂုဏ်ကို ဆောင်နိုင်သော၊ အနာဂတ် ပုခုံးပြောင်းတာဝန်များကို အောင်မြင်စွာ ထမ်းရွက်နိုင်သော သားကောင်း သမီးမွန်များ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်း က မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ သင်တန်းအသီသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Scienec Festival Myanmar ၊ 2025 ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိအကြီးအကဲများက ပညာရည် ချွန်ဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထိုနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင် ကြိုဆိုပွဲ၌ ပေးအပ်မည့် King/ Queen/Style/Popular & Attraction စသည့် Title ဆုများ မဲပေးရွေးချယ်ရန် Online Voting စနစ်အကြောင်း ရှင်းပြတင်ပြခြင်းနှင့် ပထမနှစ် Selection ကျောင်းသား၊ ကျောင်းသူလေးများ၏ “Selection Show”တင်ဆက်ခြင်း၊ စတုတ္ထနှစ် (Junior) ကျောင်းသူ လေးများက “နွေဦးကဗျာ” ၊ ပဉ္စမနှစ် ကျောင်းသူလေးများက “ပွဲတော်ည”၊ စတုတ္ထနှစ် (Senior)ကျောင်းသူများက “စကားဝါမြေ" ၊ ပဉ္စမနှစ် ကျောင်းသူလေးများက “ နားပန်းဆံ” တေးသီချင်းနှင့် စတုတ္ထနှစ် ကျောင်းသူလေးများက “လက်တီး” စသည့် တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။






