မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရေနံချောင်း တက္ကသိုလ်တွင် ကျင်ပလျက်ရှိသည့် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား အကြို လေ့ကျင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြှီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ဒီဘွဲ့နှင်းသဘင်မှာ ရေနံချောင်းတက္ကသိုလ် နေ့သင်တန်း ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာ ဝိဇ္ဇာဘွဲ့ (၁၂)ဦး၊ မဟာသိပ္ပံဘွဲ့ (၁၂)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၁၁)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ (၃၈)ဦး၊ ဝိဇ္ဇာဘွဲ့ (၁၆၄၂)ဦး၊ သိပ္ပံဘွဲ့(၂၈၆)ဦးနဲ့ အဝေးရောက်ဘွဲ့(၅၁၁)ဦး စုစုပေါင်း(၂၅၁၂)ဘွဲ့များကို အပ်နှင်း သွားမှာ ဖြစ်ပါကြောင်း၊ ရေနံချောင်းတက္ကသိုလ်သည် (၂၃-၅-၁၉၇၇)ရက်နေ့မှာ ဒေသကောလိပ်၊(၃၀-၁၁-၁၉၈၁)ရက်နေ့မှာ ကောလိပ်၊ (၂၆-၆-၂၀၀၂)ရက်နေ့မှာ ဒီဂရီကောလိပ် (၃၁-၈-၂၀၂၀)ရက်နေ့မှာ တက္ကသိုလ် အဖြစ် အဆင့်တိုးမြှင့်ခံရပြီး သက်တမ်း(၅)နှစ်သာ ရှိသေးသော တက္ကသိုလ် တစ်ခုဖြစ်ပါ ကြောင်း၊ မောင်/မယ်တို့ကို နိုင်ငံတော် အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် ပညာတတ် များဖြင့် သာယာဝပြောသော အနာဂတ် နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက် လျက်ရှိသည်နှင့်အညီ ရေနံချောင်း တက္ကသိုလ်ကလည်း လူ့အဖွဲ့အစည်းကို အကျိုးပြုသည့် အသိ ပညာရှင် အတတ်ပညာရှင်များ ဖြစ်ထွန်းရန်လိုအပ်သည့် အသိပညာ (knowledge)၊ကျွမ်းကျင်မှ (skill)နှင့် တန်ဖိုး (value)များကို ဖြည့်ဆည်းပေးမည့် အရည်အသွေး ပြည့်ဝသော ပညာရေးကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ အမိတက္ကသိုလ်က သင်ကြားပေးခဲ့တဲ့ ပညာရေးဟာ ဘာသာရပ်ဆိုင်ရာ နားလည် တတ်ကျွမ်းမှုသာမက ဆန်းစစ်ဝေဖန် နိုင်မှုစွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှုစွမ်းရည်၊ ပြဿနာကို ဖြေရှင်းနိုင်မှုစွမ်းရည်၊ စုပေါင်း ဆောင်ရွက်နိုင်မှု စွမ်းရည်တို့ကို မြှင့်တင်ပေးသည့် ပညာရေး ဖြစ်သည့်အတွက် အနာဂတ်တွင် မိမိ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ အလွန်တန်ဘိုးရှိသည့် စွမ်းရည်များ၊ အလေ့အကျင့်ကောင်းများ ကိုလည်း ရရှိစေမှာဖြစ်ပါကြောင်း၊ ယခု ဘွဲ့အပ်နှင်းခံကြရတဲ့ မောင်တို့မယ်တို့ဟာ မြင့်မားတဲ့ မြန်မာ့ပညာရေး မျှော်မှန်းချက်များနဲ့အညီ ပေါက်ဖွားလာတဲ့ တန်ဖိုးမြင့် ပညာရှင်များပြီး သက်ဆိုင်ရာ နယ်ပယ် များတွင် ဘက်စုံဖွံ့ဖြိုးသော လူကောင်း၊ လူတော်များ ဖြစ်လာစေ ရန်၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ကြရန်၊ ဆန်းသစ်တီထွင်မှုများဖြင့် ပညာရပ် များကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန် ဆက်လက် ကြိုးစားသွားကြဖို့ လိုအပ်ကြောင်း၊ ၂၁ ရာစုမှာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး စတဲ့ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးဟာ ဆန်းသစ် တီထွင်မှု (Innovation)၊ တီထွင်ဖန်တီးမှု (Creativity)နဲ့ Digital Technology ကျွမ်းကျင်နှံ့စပ်မှုရှိတဲ့ လုပ်သားအင်အားစုကို ဖြစ်ထွန်းစေမယ့် မျိုးဆက်သစ် လူငယ်များ အပေါ်မှာ အဓိက မူတည်နေပါကြောင်း၊ ဒါကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့လူ့ဘောင် ငြိမ်းချမ်းသာယာမှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့အတွက် ပညာရှင်များအဖြစ်နဲ့ ပညာရပ်ဆိုင်ရာအပိုင်းမှာ ထိထိ ရောက်ရောက် အထောက်အကူပြုပေးနိုင်ရေး ဆက်လက်ပြီး ကြိုးပမ်းအားထုတ်ကြဖို့ ပြောလို ကြောင်း၊ ဘွဲ့ရမောင်မယ်အပေါင်းတို့ အမိတက္ကသိုလ်က ပြုစုပျိုးထောင်ပေးလိုက်တဲ့ အခြေခံကောင်း များကို ရှင်သန်ဖွံ့ဖြိုးစည်ပင်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ရဲ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ရမှာက မောင်တို့မယ်တို့အတွက် သမိုင်းပေးတာဝန်ဖြစ်သလို၊ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ကြမယ့် မောင်တို့မယ်တို့ဟာ အတ္တနဲ့ ပရ မျှတစေရန်၊ ကောင်းမွန်သော ကိုယ်ကျင့် တရား များ ပြည့်စုံစေရန်၊ ကောင်းမြတ်သောဆန္ဒဖြင့် ထိန်းညှိရင်း လူ့ဘောင်ကောင်းကျိုးကို အစဉ်သယ်ပိုး ကြပါလို့ မှာကြားလိုပါကြာင်း၊ ဘွဲ့ရမောင်မယ်များ အနေဖြင့် အမိတက္ကသိုလ်၏ စေတနာ ၊ မေတ္တာနှင့် နွေးထွေးမှုများကို အစဉ်သတိရလျက် နိုင်ငံတော်က ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကို အစဉ်လေးစားလိုက်နာပြီး နိုင်ငံသားကောင်းများ ဖြစ်အောင် နေထိုင်သွားကြပါလို့ အလေး အနက်ထား မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ရေနံချောင်းတက္ကသိုလ် စတုတ္ထအကြိမ်မြောက် ဘွဲ့နှင်းသဘင် အပ်နှင်းခြင်း အစီအစဉ်အရ အကြိုလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေနံချောင်း တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် သဟာယအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။



