မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင် မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင် မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး    ဇန်နဝါရီ    ၂၂

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးနှင့် မန်းရွှေစက်တော် ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

          ရှေ့ဦးစွာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးချုပ် ရဲဖြိုးသန့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွား ရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး တို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာ မုခ်ဦး ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

          ဆက်လက်ပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ နဂါးဖြူစေတီကျောင်းတော်၊ နဂါးတစ်ထောင် စမတောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာမင်္ဂလာဓမ္မဇောတိက၊ ထေရဝါဒဗုဒ္ဓ သာသနဇောတက ဒေါက်တာ ဘဒ္ဒန္တဝံသသီရိနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် တာဝန်ရှိသူများက ဇီဝိတဒါန အဖြစ် နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကြီး အကောင်ရေ တစ်သိန်းအား ရွှေစက်တော် မန်းချောင်းအတွင်း ငါးလွှတ်ခြင်းများဆောင်ရွက်ခဲ့သည်။

          ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ စကုမြို့ မဟာဓမ္မိကာရာမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ် အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်ဉသျှောင်တော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နမ္မဒါရေစင်နှင့် အမွှေးနံ့သာရေများ သွန်းဖြန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီး များက ဗုဒ္ဓပါဒ စေတီတော် (ခြေတော်ရာ)နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ် သွန်းတော်မူပြီးနောက် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်တွင် နဂါးစာ‌ကျွေးခြင်း နှင့် အဆိုပါရင်ပြင်၌ ဘုရားဖူးဧည့်လမ်းညွှန် Digital စနစ် တပ်ဆင် ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

          ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်၌ ၂၅၉၂ ကြိမ် မြောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒစေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်း အထိမ်း အမှတ် ဒါနသီလဘာဝနာကုသိုလ်ဆည်းပူးခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူ ဆောက်တည် ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

          မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့် စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကြော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော် ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ယခုအခါ (၂၅၉၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ ခြင်းဖြစ်ကာ အနယ်နယ်ရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ ညအိပ်တည်းခို နားနေနိုင် စေရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများကို ဆောက်လုပ်ပေးထားကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရ သတင်း