မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကုမြို့အတွက် မီးငြှိမ်းသတ်ယာဉ်နှင့် အမှိုက်သိမ်းယာဉ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စကုမြို့အတွက် မီးငြှိမ်းသတ်ယာဉ်နှင့် အမှိုက်သိမ်းယာဉ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး      ဇန်နဝါရီ  ၂၆

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပစေရေး အတွက် မီးငြှိမ်းသတ်ယာဉ်နှင့် အမှိုက်သိမ်းယာဉ် ပေးအပ်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ ပုညရှင်ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်၊ မီးသတ် လုပ်ငန်းစဉ်(၇)ရပ်နှင့် အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ပေးအပ် ရခြင်းဖြစ်ကြောင်း၊ ယခုပေးအပ်သည့် အီစူးဇူး မီးငြှိမ်းသတ် ယာဉ်သည် ရေဂါလန် (၈ဝဝ)ဝင်ဆံ့ပြီး မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ အပြည့်အစုံ ပါဝင်သည့်အတွက် စကုမြို့ အရန်မီးသတ်စခန်း အတွက် အားထားရသည့် မီးသတ်ယာဉ်(၁)စီး ဖြစ်ကြောင်း၊ စကုမြို့အနေဖြင့် နယ်မြေမီးသတ်စခန်း၌ မီးသတ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်း၌ မီးသတ်ယာဉ်(၂)စီး၊ စုစုပေါင်း(၄)စီးအထိ ရှိသည့်အတွက် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ အင်အားပြည့် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ အလားတူ စည်ပင်သာယာရေးအဖွဲ့သည် သန့်ရှင်းသောပတ်ဝန်းကျင်၊ လှပသောမြို့ပြ၊ ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်လုပ်ငန်းမှာ မြို့သူမြို့သားအားလုံး၏ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အရေးကြီးသောလုပ်ငန်း ဖြစ်သည့်အတွက် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အမှိုက်သိမ်းယာဉ်(၁)စီးကို ယခုလို ဖြည့်တင်းပေး ရခြင်းဖြစ် ကြောင်း စသည့်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စကုမြို့ အရန်မီး သတ်တပ်ဖွဲ့ အတွက် မီးငြိမ်းသတ်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အရန်မီးသတ် တူညီဝတ်စုံ (၃၅)စုံနှင့် အမှိုက်သိမ်းယာဉ် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူ များထံ ပေးအပ်၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မီးငြှိမ်းသတ်ယာဉ်နှင့် အမှိုက် သိမ်းယာဉ်တို့အား ကြည့်ရှုစစ်ဆေးပြီး အဆိုပါယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

 

          စကုမြို့ အရန်မီးသတ်စခန်းတွင်ရှိသော တိုယိုတာ မီးသတ်ယာဉ်ကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှ ၁၉၆၅ ခုနှစ်က ဖြန့်ခွဲထုတ်ပေးခဲ့ပြီး စကုမြို့၌ နှစ်ပေါင်း(၆ဝ)ကျော် မီးဘေးလုံခြုံရေး တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မီးသတ်ယာဉ်မှာ သက်တမ်း ကြာမြင့်လာသည့် အတွက် စက်စွမ်းရည်များကျဆင်း၍ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ အစီအစဉ်ဖြင့် ခေတ်မီအီစူးဇူး မီးသတ်ယာဉ်(၁)စီးကို အစားထိုး လဲလှယ်ပေးရခြင်းဖြစ်ကြောင်း၊ ယခင်တိုယိုတာ မီးသတ်ယာဉ်ကိုလည်း ရှေးမူမပျက် ပြုပြင်မွမ်းမံမှုများပြုလုပ်ပြီး မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)ရှိ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော မီးသတ်ယာဉ်များ ပြတိုက်တွင် ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

နောက်ဆုံးရ သတင်း